ဝိုင်းမော်ရှိ တပ်စခန်းကြီးတစ်ခုကို KIA ပူးပေါင်းတပ်သိမ်းပိုက်
********
ထွယ်
မေ ၂၂၊ ၂၀၂၄။
စစ်ကောင်စီက အပြင်းအထန် ခုခံကာကွယ်နေသည့် ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာရှိ စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ – ၃၂၁ စခန်းကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်က ယမန်နေ့ည ၈ နာရီခွဲခန့်တွင် အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီဟု သိရသည်။
KIA ရှေ့တန်းရဲဘော် ၁ ဦးက ” မနေ့ည သိမ်းလိုက်နိုင်ပြီ” ဟု အတည်ပြုပြောဆိုသည်။
အဆိုပါတပ်စခန်းသည် ရှေ့တန်းစစ်မြေပြင်ကွပ်ကဲမှုစခန်းတစ်ခုဖြစ်ပြီး တပ်စခန်းကြီးဘေးပတ်ပတ်လည်တွင် အုတ်တံတိုင်းများ၊ သံဆူးကြိုးများအပြင် မြေမြုပ်မိုင်းများဖြင့် အခိုင်အမာတည်ဆောက်ထားသည့်စခန်းဟု ရှေ့တန်း သတင်းရင်းမြစ်များက ပြောသည်။
ဝိုင်းမော်မြို့နယ်၌တိုက်ပွဲဖြစ်ပွားစဉ် မြစ်ကြီးနားမြောက်ပိုင်းတိုင်းစစ်ဌာနချုပ် – မပခ က ဝိုင်းမော်မြို့နယ်ကို လက်နက်ကြီးပစ်ကူပေးခဲ့သည့်အပြင် ဂျက်ဖိုက်တာ၊ ရဟတ်ယာဉ်များဖြင့်လည်း ပြင်းပြင်းထန်ထန်ခုခံကာကွယ်ခဲ့ သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့တပ်စခန်းလက်လွှတ်ရပြီးနောက်တွင်လည်း လေကြောင်းဖြင့် ပြင်းပြင်း ထန်ထန်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
ရွှေညောင်ပင်ကျေးရွာရှိစစ်ကောင်စီတပ်စခန်းသည် ဝိုင်းမော်မြို့နှင့် ၁၀ မိုင်ခန့်အကွာတွင်တည်ရှိပြီး အခွန် ကောက်ခံခြင်းအပါအဝင် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် ဒေသခံလူငယ်များကို တော်လှန်ရေးကာလအတွင်း မကြာခဏဖမ်းဆီးခဲ့သည့် စစ်တပ်စစ်ဆေးရေးဂိတ်ဖြစ်သည်။
KIAနှင့်ပူးပေါင်းတပ်က ဝိုင်းမော်မြို့နှင့် လိုင်ဇာအကြားရှိစစ်ကောင်စီတပ်စခန်းများကို မေလ ၁၈ ရက်ကတည်းက တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး တိုက်ပွဲဖြစ်ပွားပြီး ၄ ရက်အကြာတွင် ရွှေညောင်ပင်ရှိ ခမရ – ၃၂၁ စခန်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ဝိုင်းမော်မြို့နယ်တွင် ခကွမ်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ – ၅၈ တပ်ရင်းတစ်ခုသာ ကျန် ရှိတော့သည်ဟုလည်း သိရသည်။
ကချင်ပြည်နယ်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကြား တိုက်ပွဲများပြင်းထန်နေပြီး ကချင်ပြည် နယ်ရှိ စစ်ကောင်စီတပ်စခန်းများကို မတ်လ ၇ ရက်က တစ်ပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ၂ လကျော်ခန့်အကြာမှာတော့ စစ်ကောင်စီ၏တပ်စခန်းကြီး၊ စခန်းငယ်အပါအဝင် စုစုပေါင်းတပ်စခန်း ၉၀ ကျော် ခန့် တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဟု သိရသည်။
ပုံစာ – မြစ်ကြီးနားမြို့နယ်၊ ဆင်ဘိုမြို့ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ – ၁၄၁ တပ်စခန်း တိုက်ခိုက်သိမ်းပိုက် ပြီးနောက်မြင်ကွင်း။