မြင်းခြံ၊ ရွာရှည်ကျေးရွာရှိနေအိမ်အားလုံး မီးရှို့ခံရသည့်အပြင် ပြည်သူ ၄ ဦးသတ်ဖြတ်ခံရ
*****
ယမင်းဖူးပွင့်အောင်
မေ ၁၅၊ ၂၀၂၄။
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ပြည်သူ ၄ ဦးကိုပါ သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများထံကသိရသည်။
မြင်းခြံမြို့နယ် ရွာရှည်ကျေးရွာကို ယမန်နေ့ နံနက် ၉ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ကျော်က စစ် ကြောင်း ၂ ကြောင်းခွဲ၍ဝင်ရောက်လာခဲ့ပြီး ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး၍ ပြည်သူ ၄ဦးကို သတ်ခဲ့ခြင်းဖြစ်သည်ဟု မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ အဖွဲ့ဝင် ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၄င်းက “စစ်ကြောင်း ၂ ကြောင်းခွဲပြီး ထိုးလာတာ။ ဆီမီးခုံဘက်ကနေ ၆၀ လောက် တစ်ကြောင်းရယ်၊ ၅၀ လောက် ၁ ကြောင်းရယ် ထိုးလာတာ။ ကာကွယ်ရေးတပ်ဖွဲ့တွေ ထိုင်ထားတာရှိတယ်။ ဆီမီးခုံ ရေနက်ဆိပ်ကမ်းကို အင်အား စုမိသွားရင် သူတို့ကိုပြန်လုပ်မှာကြောက်လို့ ဝင်ရှို့သွားတဲ့သဘောပါပဲ” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၁၃ ရက်တွင် ရွာရှည်ကျေးရွာအနီး၌ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတပ်တို့ ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရွာထဲသို့ စစ်ကြောင်းထိုးဝင်ရောက်လာခြင်း ဖြစ် သည်ဟု ဒေသခံ ၁ ဦးက ဆိုသည်။
၄င်းက “ပြည်သူတွေပြင်ဆင်ချိန်မရလိုက်ဘူး။ အကုန်ပါသွားတယ်။ ၁၃ ရက်နေ့ နေ့လယ်ကတည်းက PDF တွေနဲ့ စစ်ကောင်စီနဲ့ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်တယ်။ ညပိုင်းထိတိုက်ပွဲဖြစ်နေပြီးတော့ နောက်နေ့မနက် စစ် ကောင်စီက ရွာကိုဝင်စီးတဲ့အချိန်မှာ ပြည်သူတွေက ထွက်ပြေးချိန်မရလိုက်ဘဲ ၄ ၊ ၅ ယောက်လောက် ဖမ်းမိသွား တယ်” ဟုဆိုသည်။
ရွာရှည်ကျေးရွာရှိနေအိမ်အားလုံး မီးလောင်ကျွမ်းခဲ့သည့်အတွက် ဒေသခံများသည်လည်း နေရပ်ပြန်၍မရသေးဘဲ ဧရာဝတီမြစ်အနောက်ဘက်ကမ်းတွင် စစ်ဘေးရှောင်နေကြရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
ရွာရှည်ကျေးရွာတွင် အိမ်ခြေ ၅၀၀ ခန့်ရှိပြီး အိမ်ထောင်စု ၂၈၅ ခုရှိကာ လူဦးရေ ၁,၀၀၀ ကျော်ခန့်ရှိသည်ဟု မြင်းခြံ ပကဖ ၏ပြောကြားချက်အရ သိရသည်။
ရွာရှည်ရွာသို့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် လက်ရှိမှာတော့ ဆီမီးခုံမြို့ကို ပြန် လည်ဝင်ရောက်သွားပြီဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်စဉ်အတွင်း စစ်သင်္ဘောများအသုံးပြု၍ စစ်ကောင်စီတပ်ဘက် က တရစပ်ပစ်ခတ်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ပုံစာ – ရွာလုံးကျွတ်မီးရှို့ခံရသည့် ရွာရှည်ကျေးရွာ။
****
Telegram – > https://t.me/ThanLwinKhetNews/4604
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9975