သံတွဲတွင်လက်နက်ကြီးကျ၍ ဒေသခံ ၉ ဦးသေဆုံး
*******
ခင်သရဖီဦး
မေ ၁၅၊ ၂၀၂၄။
ယမန်နေ့ မေလ ၁၄ ရက် ည ၉နာရီကျော်ခန့်တွင် ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ လင်းသီကျေးရွာကို စစ် ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ဒေသခံ ၉ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
သေဆုံးခဲ့သူများသည် ဦးညီလေး၊ မငယ်လေး၊ အပုလေး၊ မောင်လေး၊ မမေပု၊ ဦးမောင်တင်ညွန့်၊ ဒေါ်မေလီရန်နှင့် နောက်ထပ် ၂ ဦးတို့ ဖြစ်ကြသည်။
ကျေးရွာသား ၁ ဦးက ” ညအချိန် နေရာ၂ ခုလောက်ကို လက်နက်ကြီးကျလာတာပါ။ ရွာထဲမှာဗုံး ၂ လုံးကျတယ်။ ၁ လုံးက ဦးညီလေးအိမ်မှာကျတော့ မိသားစုဝင် ၃ ဦးသေတယ်။ မျက်မြင်တော့ ၇ ဦးလောက်သေသွားတယ်။ ဆေးရုံကိုသွားတဲ့ လမ်းမှာ ၂ ယောက်သေတယ်။ ဒဏ်ရာရတဲ့သူတွေက ၁၁ ယောက်ရှိတယ်” ဟုဆိုသည်။
ညအချိန်တွင် သံတွဲမြို့အထွက် ဘားတောင်းတောင်နှင့် သံတွဲမြို့ပေါ်ရပ်ကွက်များအနီးရှိ သူခိုးစမ်းတောင် ကြောကနေ၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည့်အတွက် ယခုကဲ့သို့ ကျေးရွာများတွင်း ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။
ယနေ့နေ့လယ် ၁၁ နာရီခန့်အချိန်ထိ လင်းသီရွာဒေသခံများသည် နီးစပ်ရာ မြို့၊ ရွာများသို့ ရရာနည်းလမ်းဖြင့် ထွက်ပြေးနေကြသည်ဟု ဒေသခံများထံကသိရသည်။
ဧပြီလ ၁၃ ရက်ကစ၍ သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
ကျေးရွာသား ၁ ဦးက ” တိုက်ပွဲဖြစ်တိုင်း စစ်တပ်က ရမ်းသမ်းပစ်ခတ်နေတာပါ။ ဒီနေ့လည်း ဂျက်လာကြဲတယ်။ ဒေသခံတွေကတော့ ထွက်ပြေးနေကြပါတယ်” ဟုဆိုသည်။
စစ်ကောင်စီအနေဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ကျေးရွာများအား လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်း ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်း၊ ရေတပ်ကနေ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း စသည့်လုပ်ရပ်များ ဆက်တိုက်လုပ်ဆောင်နေခြင်းဖြစ်သည်။
လက်ရှိတွင် သံတွဲမြို့နယ်တွင် အာရက္ခတပ်တော်နှင့် စစ်ကောင်စီတို့ကြား နှစ်ဖက်စစ်ရေးပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်က အထိအခိုက်များသည်ဟုလည်း AA နှင့် နီးစပ်သူ ၁ ဦးထံက သိရသည်။
ပုံစာ – စစ်ကောင်စီတပ်ဖွဲ့ဝင်များ/ပုံ ( အဟောင်း )