လက်နက်ကြီးထိမှန်မှုကြောင့် ထန်းတပင်မြို့နယ်က ဒေသခံ ၄ ဦးသေဆုံး
*****
သံလွင်ခက်
မေ ၁၄ ၊ ၂၀၂၄။
စစ်ကောင်စီတပ် ပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ထောတထူ (ထန်းတပင်)မြို့နယ်က ဒေသခံ ၄ ဦး သေဆုံးခဲ့ကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ရသည်ဟု ကရင်အမျိုးသားအစည်း အရုံး KNU က ယနေ့တွင် ထုတ်ပြန်သည်။
ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးတောင်ခြမ်းအုပ်စု၊ ရွာလေးကုန်းကျေးရွာကို ဇရပ်ကြီးအခြေစိုက် စစ်ကောင်စီတပ် ခလရ − ၇၃ တပ်ဖွဲ့ဝင်များက မေလ ၁၃ ရက်၊ ည ၉ နာရီ ၄၅ မိနစ် အချိန်ခန့်တွင် လက်နက်ကြီးများ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်လိုက်သည့် လက်နက်ကြီးထိမှန်မှုကြောင့် ကျေးရွာနေ ဦးကျော်စိန် ၈၄ နှစ်၊ မဌေးရီ ၅၂ နှစ်၊ ကိုဌေးနိုင် ၄၉ နှစ် နှင့် (၄) မအိဖူးသော် ၁၈ နှစ်တို့သေဆုံးခဲ့ပြီး အခြားရွာသား ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်ဟု KNU ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ − လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးခဲ့ရသော ပြည်သူ ၄ ဦး။
Photo – KNU