မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာရှိ ဒေသခံ တစ်ရာကျော်ကို တစ်ပတ်ကျော်ကြာအထိ ပြန်လည်လွှတ်ပေးခြင်း မရှိသေးဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆက်လက် ဖမ်းဆီးထားသည်ဟု ဒေသခံများက ဆိုသည်။
အောက်တိုဘာ ၁၆ ရက်တွင် အဆိုပါ ရွာအနီး၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များထံမှ သေနတ် ငါးလက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့သည်။
ထို့နောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညတွင်းချင်း အင်အားဖြည့်တင်းပြီး ဖက်တောရေကျေးရွာသို့ ဝင်ရောက်ကာ ဖမ်းဆီး၊မီးရှို့မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံအမျိုးသားတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၄င်းက “ညတွင်းချင်းပဲ စစ်ကြောင်းတွေ တက်လာတယ်။ လမ်းက အိမ်တစ်လုံးကို မီးရှို့သွားတယ်။ အဲဒီညကနေပြီးတော့ ၂၀ ရက်နေ့အထိ ဖက်တောရေရွာကို မီးရှို့တယ်။ ရွာထဲက ဒေသခံ ၁၅၀ လောက်ကို ဖမ်းထားပြီး ရိုက်နှက်တာတွေ လုပ်တယ်” ဟုဆိုသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ နှိပ်စက်မှုကြောင့် ဖမ်းဆီးထားသည့်ထဲမှ အသက် ၅၀ ဝန်းကျင်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ အောက်တိုဘာ ၂၆ ရက်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဖက်တောရေကျေးရွာတွင် တပ်စွဲထားပြီး ဒေသခံများ၏ ပစ္စည်းများကိုလည်း ကားများဖြင့် ယူဆောင်နေသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦးက “လုံးလုံး ဒဏ်မခံနိုင်တော့တဲ့ လူနည်းနည်းပါးပါး ပြန်လွှတ်ပေးတာရှိတယ်။ အားလုံးကို လွှတ်ပေးတာမျိုး မရှိဘူး။ ကျွန်တော်တို့ဘက်မှာ ဝက်မွေးမြူရေးကို အဓိက လုပ်တော့ ဝက်တွေကိုလည်း အစာကျွေးခွင့်မရှိဘူး။ နောက်ပြီး ရွာထဲက ပစ္စည်းတွေကို ကားနဲ့ သယ်နိုင်သမျှ သယ်တယ်။ ကြက်တွေ၊ ဝက်တွေလည်း ချက်စားတယ်” ဟုဆိုသည်။
ဖမ်းဆီးခံထားရသည့် ဒေသခံ တစ်ရာကျော်ထဲတွင် အမျိုးသမီးများ ပါဝင်ခြင်း မရှိဘဲ အမျိုးသားများကိုသာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ဒေသခံများထံမှ သိရသည်။
အိမ်ခြေ ၄၀၀ ကျော်ရှိသည့် ဖက်တောရေကျေးရွာ ဒေသခံများသည် ကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့်အတွက် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကာ နေထိုင်ရေးတွင် အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၄င်းက “သူတို့က တစ်ရွာလုံးကို မီးရှို့မယ်ပြောတော့ ပစ္စည်းတွေ သယ်ပြီး ထွက်ပြေးလာတာ။ ၁၇၊ ၁၈ ရက်တွေမှာ မိုးက အသည်းအသန် ရွာတယ်။ အဲဒီအချိန်မှာ မိုးအကာ မရှိဘဲ သက်ကြီးရွယ်အို ကလေးတွေကအစ မိုးရွာထဲမှာ နေရတယ်” ဟုဆိုသည်။
ဖက်တောရေကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ညပိုင်းအချိန်များ၌ အနီးနား ကျေးရွာများသို့ ကင်းလှည့်ကာ ကျေးရွာအတွင်း ဝင်ရောက်ရှာဖွေမှုများလည်း လုပ်ဆောင်နေသည် ဒေသခံများက ဆိုသည်။
ဖက်တောရေကျေးရွာအနီးတစ်ဝိုက်ကို စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်ကြောင်းသည် နတ်မောက်မြို့ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တပ်နှင့် နတ်မောက်မြို့အနီးရှိ ရွာမွန်ဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ပုံစာ – ဖက်တောရေကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့စဉ်