![]()
နှောင်း/မတ် ၃၀။ ဓာတ်ပုံ – The KoKang/ပုံဟောင်း
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်၊ နမ့်ဖတ်ကာကျေးရွာတွင် တိုက်ပွဲကာလအတွင်း နေအိမ်များကို ကိုးကန့်တပ်ဖွဲ့ MNDAA က ဝင်ရောက်စီးနင်းခဲ့ပြီး အရပ်သားပိုင် ပစ္စည်းများကို လုယက်ယူဆောင်ကာ ကျန်ရှိ ပစ္စည်းများကို ဖျက်ဆီးခဲ့သည်ဟု သိရသည်။
ထို့အပြင် ကာယကံရှင်များကိုလည်း နှုတ်ပိတ်နေရန် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ် ၁၄ ရက်က နမ့်ဖတ်ကာရှိ ရပ်ကွက်တစ်ခုအတွင်း ကိုးကန့်တပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် ကိုးကန့်တပ်များ ဝင်ရောက်လာခဲ့ကာ အရပ်သားနေအိမ်များအတွင်း ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ကိုးကန့်တပ်က နေအိမ်ပိုင်ရှင်များအား ပစ္စည်းများမပျောက်စေရဟု ကတိပေးကာ ဝင်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။ သို့သော် သုံးရက်အကြာ နေအိမ်သို့ ပြန်လည်ဝင်ရောက်ခွင့်ရချိန်တွင် အိမ်တွင်းရှိ ပစ္စည်းများ အကုန်အစင် လုယက်ခံခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။
ဗီဒီယို – ပေးပို့
အိမ်ထောင်ပရိဘောဂများ၊ ရွှေငွေရတနာများနှင့် ဆန်၊ ဆီ၊ ဆေး၊ ဆားမှအစ တစ်နှစ်စာဝယ်ယူထားသည့် ထင်းများအထိ ပါသွားကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ အမျိုးသမီးတစ်ဦးက ပြောသည်။
“ကျွန်မတို့ ရှစ်နှစ်လုံးလုံး ကြိုးစားရှာထားသမျှ အကုန်ပါသွားပြီ။ ကလေးမွေးရင်သုံးဖို့ ဝယ်ထားတဲ့ ဒိုက်ဘာတွေ၊ ဆေးတွေ၊ ကလေးအဝတ်အစားတွေကိုတော့ မယူဘဲနဲ့ နင်းခြေဖျက်ဆီးသွားတယ်။ ယူလို့ရတာ အကုန်ယူ၊ မရတာ အကုန်ဖျက်ဆီးခဲ့တာ” ဟု မကြာမီ ကလေးမွေးဖွားတော့မည့် အဆိုပါ ကိုယ်ဝန်ဆောင်အမျိုးသမီးက ဆိုသည်။
ထို့ပြင် MNDAA မှ မြို့နယ်မှူးဟု မိမိကိုယ်ကိုယ် မိတ်ဆက်သူတစ်ဦးက ၎င်းတို့၏ ပစ္စည်းများကို လိုက်လံစုံစမ်းခြင်း မပြုရန် ခြိမ်းခြောက်ခဲ့ပြီး စုံစမ်းပါက ထောင်ချပစ်မည်ဟု ဖုန်းဖြင့်လည်းကောင်း၊ လူကိုယ်တိုင်လည်းကောင်း လာရောက်ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ယင်းဖြစ်စဉ်အတွင်း MNDAA ၏ ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား နှစ်ဦး သေဆုံးခဲ့သည်။ ထို့အပြင် ဖမ်းဆီးခေါ်ဆောင်ခံရသူများလည်း ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။
လက်ရှိတွင် အဆိုပါ ကိုယ်ဝန်ဆောင်မိခင်နှင့် မိသားစုဝင်များသည် ပိုင်ဆိုင်သမျှ ဆုံးရှုံးသွားခဲ့ရသည့်အပြင် ယခုအချိန်ထိ နေရပ်မပြန်နိုင်သေးပဲ လုံခြုံရေးအရစိုးရိမ်ထိတ်လန့်မှုများ ရှိနေဆဲဖြစ်သည်။
#တိုက်ပွဲကာလ #ကိုးကန့်တပ် #နမ့်ဖတ်ကာ #အရပ်သားနေအိမ်များ #လုယက်ဖျက်ဆီး #ThanLwinKhetNews
