![]()
မူယန်း/မတ် ၂၉။ ဓာတ်ပုံ – သံလွင်ခက်
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ မြန်မာရွှေ့ပြောင်းကျောင်းတစ်ခုဖြစ်သည့် သွေးသစ်ကျောင်း၏ ၅ ကြိမ်မြောက် အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ယနေ့ မတ်လ ၂၉ ရက်တွင် ကျင်းပခဲ့သည်။


အဆိုပါ အခမ်းအနားတွင် အမေရိကန်အထက်တန်းပညာရေးနှင့် ညီမျှသည့် GED အောင်မြင်သူ ၁၇၆ ဦး၊ Cambridge English ၄၂ ဦး၊ Executive Diploma in Business Management ရှစ်ဦးနှင့် Diploma in Business English လေးဦး၊ စုစုပေါင်း ၂၃၀ ဦးတို့ကို အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ထို့အပြင် သင်တန်းကာလတစ်လျှောက် ကြိုးစားခဲ့ကြသည့် ကျောင်းသူ၊ ကျောင်းသားများကိုလည်း ထူးချွန်ဆုများ အသီးသီး ချီးမြှင့်ခဲ့သည်။

အခမ်းအနားသို့ ပင့်ဖိတ်ထားသော သံဃာတော်များ၊ ရပ်ရွာလူကြီးများ၊ ပညာရေးအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။

သွေးသစ်ကျောင်းသည် မြန်မာရွှေ့ပြောင်းကလေးငယ် အများဆုံး ပညာသင်ကြားနေသည့် ကျောင်းတစ်ကျောင်းဖြစ်ပြီး တိုင်းရင်းသားပေါင်းစုံ စုစည်းပညာသင်ယူနေခြင်းဖြစ်သည်။ အဆိုပါကျောင်းကို ၂၀၀၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ကာ ၂၀၂၁ ခုနှစ်မှစ၍ GED ပညာရေးကို တိုးချဲ့သင်ကြားပေးခဲ့ခြင်း ဖြစ်သည်။


လက်ရှိတွင် သွေးသစ်ကျောင်း၌ ကျောင်းသူ၊ ကျောင်းသား ၁,၀၀၀ ဝန်းကျင် ပညာသင်ကြားလျက်ရှိပြီး ဆရာ၊ ဆရာမ အင်အား ၅၀ ခန့်ဖြင့် လည်ပတ်နေကြောင်း သိရသည်။ ယနေ့ကျင်းပသည့် အခမ်းအနားသည် ရွှေ့ပြောင်းပညာရေးကဏ္ဍတွင် ထူးချွန်သော လူငယ်များကို ပြုစုပျိုးထောင်ပေးနိုင်သည့် မှတ်တိုင်တစ်ခုလည်း ဖြစ်သည်ဟု တာဝန်ရှိသူများက ဆိုသည်။

#သွေးသစ်ကျောင်း #၅ကြိမ်မြောက် #အောင်လက်မှတ်အပ်နှင်းပွဲ #ThanLwinKhetNews


