ရှမ်းပြည်နယ်မြောက်ပိုင်း မုံးကိုးမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းနှစ်ခုကို ယခုလကုန်အပြီး ဖျက်သိမ်းပေးရန် စစ်ကောင်စီကထပ်မံ ဖိအားပေး ပြောဆိုလာသည်ဟု ဒေသခံများထံမှ သိရသည်။
တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားမှု မရှိသော်လည်း မုံးကိုးစစ်ဘေးရှောင်များ၏ မူလနေရပ်ကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် MNDAA (ကိုးကန့်) တို့ တပ်စခန်းချထားသည့်အတွက် ဒေသခံများ နေရပ်သို့ ပြန်ရန် အခက်အခဲ ရှိနေကြရသည်ဟု သိရသည်။
ထိုသို့ အခက်အခဲ၊ အကျပ်အတည်းဖြစ်နေရသည့် အခြေအနေ၌ မုံးကိုးမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း နှစ်ခုကို အောက်တိုဘာလကုန် အပြီး ပိတ်သိမ်းရန် စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးမှုးက အစည်းအဝေးခေါ်ယူ၍ ပြောသည်ဟု မုံးကိုးစစ်ရှောင်စခန်း တာဝန်ရှိသူတစ်ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “အစည်းအဝေးကို ဘုရားကျောင်းမှာ လုပ်တာ။ အရင်ဆုံးဘုရားကျောင်းမှာ ရှိတဲ့ စစ်ဘေးရှောင်နဲ့ ဘုန်းကြီးကျောင်းမှာ ရှိတဲ့ စစ်ဘေးရှောင်ကို အရင် ရွှေ့ခိုင်းထားတယ်။ မရွှေ့လို့ မရဘူး။ မသိမ်းတတ်ရင် လာကူသိမ်းပေးမယ်တောင် ပြောတယ်” ဟုဆိုသည်။
စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက စစ်ရှောင်စခန်း ပြောင်းရွှေ့ရန် ဖိအားပေးပြောဆိုလာပြီဖြစ်သော်လည်း လက်ရှိအချိန်ထိ ပြောင်းရွှေ့ရမည့် နေရာသစ်ကို ရှာဖွေ၍ မရနိုင်သေးဟု သိရသည်။
မိမိနေရပ် မဟုတ်ဘဲ နေရာအသစ် ထပ်မံ ပြောင်းရွှေ့ရမည်ဖြစ်သောကြောင့် စစ်ဘေးရှောင် သက်ကြီးရွယ်အိုများကလည်း အဆင်မပြေမှုများနှင့် ထပ်မံ ကြုံတွေ့ရမည်ကို စိုးရိမ်နေကြသည်ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “သက်ကြီးရွယ်အိုတချို့တွေတောင် ပြောင်းရမယ်ဆိုလို့မအိပ်နိုင်၊ မစားနိုင် စိတ်ပူနေကြတာ။ နေရာအသစ် ပြောင်းရမယ်ဆိုလည်း ကြိုဆိုမယ့် သူလည်း မရှိဘူး။ အိမ်ပြန်ဖို့လည်း ရွာထဲမှာ စခန်းချထားတယ်” ဟုဆိုသည်။
မုံးကိုးမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်း ခြောက်ခုကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးပြောင်းရွှေ့ရန် ပြီးခဲ့သည့် သြဂုတ်လအတွင်းက စစ်ကောင်စီက သတိပေးပြောဆိုခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် ထိုစစ်ရှောင်စခန်း ခြောက်ခုအနက် ဘုရားကျောင်းနှင့် ဘုန်းကြီးကျောင်းတွင် ရှိသည့် စစ်ဘေးရှောင်များသည် ဦးစွာပြောင်းရွှေ့ရန် ဖိအားပေးခံရခြင်းဖြစ်သည်ဟု စခန်းတာဝန်ခံတစ်ဦးက ပြောသည်။
၎င်းက “ကမ့်အကုန်လုံး ပြောင်းရမယ်။ ကမ့် ပိတ်သိမ်းရေး နေရာတိုင်းမှာ စစ်ရှောင်စခန်း မထားတော့ဘူး။ မုံးကိုးကမ့်က ပိုပြီး နာမည်ထွက်တာက ဘုရားကျောင်းနဲ့ ဘုန်းကြီးကျောင်းက ပိုနာမည်ထွက်လို့ အရင် ပြောင်းခိုင်းတာတဲ့။ ကမ့်နာမည်ပေါက်မှာစိုးလို့” ဟုဆိုသည်။
ယခုလကုန်၌ ဦးစွာ ပြောင်းရွှေ့ရန် ဖိအားပေးခြင်း ခံရသည့် မုံးကိုးဘုရားကျောင်းနှင့် ဘုန်ကြီးကျောင်း စစ်ရှောင်စခန်း နှစ်ခုတွင် စစ်ဘေးရှောင် ၂၀၀ ဝန်းကျင် ရှိနေသည်ဟု သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မုံးကိုးစစ်ရှောင်စခန်း ခြောက်ခုအပါအဝင် စစ်ဘေးရှောင်စခန်း စုစုပေါင်း ၂၇ ခုအထိ (မန်တုံနှင့် သီပေါတို့ရှိ စစ်ရှောင်စခန်းများ မပါဝင်) ရှိနေသည်။ နေရာပြောင်းရွှေ့ရန် နမ္မတူမြို့နယ် စစ်ဘေးရှောင်စခန်း၊ ကွတ်ခိုင်မြို့နယ်စခန်း၊ နမ့်ခမ်းစစ်ဘေးရှောင်စခန်းနှင့် မုံးကိုးစစ်ဘေးရှောင်စခန်းများကို ယခုနှစ်ကုန် ဒီဇင်ဘာလ ၃၀ရက် နောက်ဆုံးထားပြောင်းရွေ့ရန် စစ်ကောင်စီက ပြောဆိုထားသည်။