![]()
သံလွင်ခက်/မတ် ၂၆။ ပုံ – NLA တပ်တော် NUG လက်အောက်ခံ PDF တပ်ရင်းအဖြစ် ကူးပြောင်းစဉ် (NUG)
စစ်ကိုင်းတိုင်း၊ တမူးဒေသတွင် အခြေစိုက်လှုပ်ရှားနေသည့် အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ တပ်ရင်းများအဖြစ် တရားဝင်ကူးပြောင်းရပ်တည်လိုက်ပြီဖြစ်သည်။
အဆိုပါတပ်တော်သည် အမှတ် (၁) စစ်ဒေသ၏ ကွပ်ကဲမှုကို ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့တွင် စတင်ခံယူခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။
ကွပ်ကဲမှုခံယူခြင်း အခမ်းအနားကို စစ်ရေးဟန်အပြည့်ဖြင့် ကျင်းပခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်းနှင့် တပ်ဖွဲ့ဝင်များကို PDF ဘက်တံဆိပ်များ အပ်နှင်းတပ်ဆင်ပေးခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) သည် ၂၀၂၁ ခုနှစ်၊ ဩဂုတ်လအတွင်းက Myanmar Federal Army (MFA) အမည်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး စစ်ကော်မရှင်ကို ပထမဆုံးသော တိုက်ပွဲများ ဆင်နွှဲခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။
ထို့နောက် ၂၀၂၃ ခုနှစ်တွင် NLA အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ပြီး ယခုအခါတွင်မူ နွေဦးတော်လှန်ရေး၏ အဓိကမဏ္ဍိုင်ဖြစ်သော PDF တပ်ရင်းများအဖြစ် ပြည်သူနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်သည်။
ယခုကဲ့သို့ စနစ်တကျ ကွပ်ကဲမှုအောက်သို့ ဝင်ရောက်လာခြင်းသည် တော်လှန်ရေးတပ်ဖွဲ့များအကြား စစ်ရေးအရ ပိုမိုကျစ်လျစ်ခိုင်မာလာစေရန် ရည်ရွယ်သည့် ခြေလှမ်းသစ်တစ်ခုလည်း ဖြစ်သည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိအချိန်တွင် မိမိတို့၏ ကွပ်ကဲမှုအောက်သို့ မရောက်ရှိသေးသည့် ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF) များကိုလည်း ကွပ်ကဲမှုအောက်၌ တာဝန်ထမ်းဆောင်ရန် သို့မဟုတ် စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ရန် အစဉ်အမြဲ ကြိုဆိုလျက်ရှိကြောင်း အလေးအနက် ထုတ်ဖော်ပြောကြားထားသည်။
ယခုကဲ့သို့ တပ်ရင်းတပ်ဖွဲ့များ စုစည်းမိလာခြင်းသည် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအတွက် စစ်ရေးအရှိန်မြှင့်တင်ရာတွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
တမူးဒေသသည် အိန္ဒိယ-မြန်မာ နယ်စပ်ဗျူဟာမြောက် ဒေသတစ်ခုဖြစ်သဖြင့် NLA ၏ PDF အဖြစ် ကူးပြောင်းမှုမှာ နယ်စပ်စစ်ရေးအခြေအနေအတွက် အရေးပါသော ဖြစ်စဉ်တစ်ခုလည်း ဖြစ်သည်။
ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ကလည်း မန္တလေးတိုင်း၊ မတ္တရာအခြေပြု ဒေသကာကွယ်ရေးတပ်တခုဖြစ်သည့် မတ္တရာမျိုးမှန်အဖွဲ့သည် NUG ၏ ကွပ်ကဲမှုအောက်သို့ ဝင်ရောက်ခဲ့သေးသည်။
