ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်သည့် အသံကြောင့် အသက် ၇ နှစ်အရွယ်ကလေးငယ်တစ်ဦး အမောဖောက် သတိလစ်သွားရာ ဆေးကုသမှု ခံယူခဲ့ရသည်ဟု မိသားစုဝင်များက ပြောသည်။
ယမန်နေ့က စစ်ကောင်စီ ၉၇ တပ်မှ ကော့ကရိတ်မြို့နယ်အတွင်းရှိ ကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောကရိတ်မြို့ခံ အသက် ၇ နှစ်အရွယ် ကလေးငယ် တစ်ဦး လက်နက်ကြီးသံကြောင့် နှလုံးအမောဖောက်ခဲ့ခြင်းဖြစ်သည် ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
“ညနေ ၅ နာရီလောက်ကတည်းက လက်နက်ကြီးတွေနဲ့ ပစ်တာ။ည ၈ နာရီကျော်အထိပဲ။ လက်နက်ကြီးက ၁၀ ချက် ကျော်တယ်။အစ်မတို့ အိမ်က နီးတော့ သူတို့ ပစ်တဲ့ လက်နက်ကြီးသံက အရင်တုန်းက ပစ်တာထက် ပိုကျယ်တယ်။ အစ်မ ကလေး တစ်ယောက်ဆို လက်နက်ကြီးသံကြောင့် လန့်ပြီး နှလုံး အမောဖောက်သွားတယ်” ဟု ၎င်းက ပြောသည်။
အမောဖောက်ပြီး သတိမေ့လျော့သွားသည့်အတွက် စစ်ဘေးရှောင် CDM သူနာပြုဆရာမတစ်ဦးက ကုသပေးခဲ့ပြီး အသက်အန္တရာယ် ထိခိုက်ခြင်း မရှိခဲ့ဟု အဆိုပါ မိသားစုဝင်က ဆက်ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကော့ကရိတ်မြို့နှင့် အနီးဝန်းကျင်မှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကော့ကရိတ် ဒေသခံတစ်ဦးက ပြောသည်။
စစ်ဘေးရှောင် ကော့ကရိတ်ဒေသခံ အမျိုးသမီးတစ်ဦးက “အိမ်မှာတောင် ထမင်း မစားနိုင်ဘူး။ ထမင်းထုပ်တွေနဲ့ ထွက်ပြေးရတာ။ ပြီးတော့ ရိက္ခာခြောက်တွေလည်း ယူဆောင်လာတယ်” ဟု ပြောသည်။
အောက်တိုဘာလ ၂၁ ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ရာ လက်နက်ကြီး ထိမှန်မှုကြောင့် ဒေသခံ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၀ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။