Non-CDM ၅ ဦး လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွှတ်
*******
ယမင်းဖူးပွင့်အောင်
မေ ၁၀၊ ၂၀၂၄။
ပြစ်ဒဏ်ကျခံနေရသည့် လွိုင်ကော်တက္ကသိုလ် Non-CDM ဆရာ၊ ဆရာမ ၅ ဦးကို ကရင်နီပြည်ကြားကာ
လအုပ်ချုပ်ရေးကောင်စီ-IEC ကလွတ်ငြိမ်းချမ်းသာဖြင့် လွှတ်ပေးခဲ့သည်ဟု ယမန်နေ့တွင်ထုတ်ပြန်သည်။
လွတ်ငြိမ်းခွင့်နှင့် ကြီးကြပ်စစ်ဆေးရေးဘုတ်အဖွဲ့၏ တင်ပြမှုအရသော်လည်းကောင်း လူသားချင်းစာနာထောက်ထားမှုကို ဦးတည်သောအားဖြင့်သော်လည်း ကောင်း၊ ပြစ်ဒဏ်ကျခံလျက်ရှိသည့် ပုဂ္ဂိုလ် ၅ ဦးကို ၂၀၂၄ ခုနှစ် မေလ ၈ ရက်ကစ၍ ကရင်နီပြည်ကြားကာ လ တရားစီရင်ရေးဥပဒေပုဒ်မ ၃၂ အရ ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပြုလိုက်သည်ဟု IEC ကထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၅ ရက်တွင် လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်နှင့် ဒုတိယ ပါမောက္ခချုပ် အပါအဝင် ၅ဦးကို မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇(၁)ဖြင့် ထောင်ဒဏ် ၂နှစ်နှင့် ငွေဒဏ် ၉ သိန်းချမှတ်ခဲ့ခြင်းဖြစ်သည်။
ပြစ်ဒဏ်ချမှတ်ပြီးနောက် ကြီးကြပ်စိစစ်ရေးအဖွဲ့၏ တင်ပြချက်များနှင့်အတူ လူသားချင်းစာနာထောက်ထားမှုဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု IEC တွဲဘက်အတ္ငင်းရေးမှူး-၁ မဇူးဇူးက သံလွင်ခက်ကိုပြောသည်။
၎င်းက “အခုကတော့ ပြစ်ဒဏ်ချပြီးနောက်ပိုင်းမှာ လွတ်ငြိမ်းနဲ့ပတ်သက်ပြီး ကြီးကြပ်စိစစ်တဲ့အဖွဲ့တွေရဲ့ တင်ပြချက်နဲ့အတူ လူသားချင်းစာနာထောက်ထားမှုနဲ့ သူတို့ရဲ့ နေရပ်ပြန်နိုင်ဖို့အတွက် ပြင်ဆင်ပေးပြီးတော့ ပြစ် ဒဏ်ကင်းလွတ်ခွင့်ကို IEC အနေနဲ့ လုပ်လိုက်တာဖြစ်ပါတယ်။ ဒီလိုလုပ်နိုင်ဖို့ဆိုတာကလည်း လက်ရှိမှာ ကရင်နီပြည်ကြားကာလတရားစီရင်ရေးဥပဒေနဲ့အညီ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်”ဟုဆို သည်။
ပါမောက္ခချုပ် ဦးအောင်ခင်မြင့် ၊ ဒုပါမောက္ခချုပ် ဒေါ်သီတာ အပါအဝင် ၅ ဦးကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC ကိုယ်စား ကရင်နီပြည်ရဲဌာနက တရားလိုပြုလုပ်၍ အမှုဖွင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ဖမ်းဆီးထိန်းသိမ်းထားစဉ်ကာလအတွင်း ရိုက်နှက်နှိပ်စက်ခြင်းမရှိဘဲ လူ့အခွင့်အရေးနှင့်အညီ ဆောင်ရွက်ပေးခဲ့သည်ဟုလည်း မဇူးဇူး က ဆက်ပြောသည်။
“ဖမ်းဆီးနှိပ်စက်တာမျိုးမရှိခဲ့ဘဲ လူ့အခွင့်အရေးနဲ့အညီ စားသောက်နေထိုင်ဖို့အတွက်နဲ့ လုံခြုံရေးကိစ္စတွေကို စီစဉ်ပေးတာမျိုးရှိတယ်။ ကျန်းမာရေးစောင့်ရှောက်ခွင့်တွေ ပေးခဲ့တာလည်းရှိတယ်”ဟုဆိုသည်။
၁၁.၁၁ စစ်ဆင်ရေးကာလအတွင်း လွိုင်ကော်တက္ကသိုလ်အတွင်းရှိ Non-CDM ဆရာ၊ဆရာမများနှင့် မိသားစုဝင် စုစုပေါင်း ၂၀၄ ဦး ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ပြီးနောက် ၁၉၉ ဦးကို နေရပ်ပြန်ပို့ပေးခဲ့ကာ ၅ ဦးကိုသာ ပြစ်ဒဏ်ချမှတ်ခဲ့သည်။
ပုံစာ- လွိုင်ကော်တက္ကသိုလ်ကို တော်လှန်ရေးတပ်ဖွဲ့များ ဝင်ရောက်သိမ်းပိုက်စဉ်။