တောင်ငူလေတပ်စခန်းအား ရှော့ဒုံးများဖြင့် ဒုတိယအကြိမ်ပစ်ခတ်
*******
သဇင်
မေလ ၁၀ ၊၂၀၂၄။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ တောင်ငူလေတပ်စခန်းအား ပြည်သူ့ကာကွယ်ရေး မိတ်ဘက်တော်လှန်ရေးအဖွဲ့များ ပူးပေါင်းပြီး ရှော့တိုက်ဒုံးဖြင့်တိုက်ခိုက်ခဲ့သည် ဟု Brave Warriors for Myanmar (BWM) က ယနေ့တွင် ထုတ်ပြန်ထားသည်။
ယနေ့ မေလ ၁၀ရက် မနက် အစောပိုင်း ၄ နာရီခန့်တွင် တောင်ငူလေတပ်စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးပစ်ခတ်ခဲ့ရာ ပစ်မှတ်ကို ၇ လုံး အောင်မြင်စွာ ထိမှန်ပေါက်ကွဲခဲ့သည်ဟုဆိုသည်။
Brave Warriors for Myanmar (BWM) ပြောရေးဆိုခွင့်ရှိ သူက”ပထမ ၅ လုံးပစ်လိုက်တဲ့အချိန်မှာပဲ စစ်ခွေးတွေဘက်ကလည်း လက်နက်ကြီး ၂ လုံး တန်ပြန်ပစ်ပါတယ်။ နောက် ၅ လုံးထပ်ပစ်ပြီးပြန်ဆုတ်ခဲ့တယ်”ဟု ပြောသည်။
လေတပ်စခန်းအတွင်း ဗုံးကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ရှော့တိုက်ဒုံးပစ်ခတ်သည့်နေရာသို့ စစ်ကောင်စီတပ်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်သူများကို ရှာဖွေနေသည်ဟု ဆိုသည်။
၎င်းက ”လမ်းတလျှောက်လည်း စစ်ခွေးတွေဘက်က လက်နက်ကြီးနဲ့တရစပ်ပစ်ခတ်ပါတယ်။ လေယာဥ်နဲ့လည်း ပစ်ခတ်သူတွေကို ပတ်ပြီးရှာတယ်။ ဒါပေမယ့် ရဲဘော်တွေအားလုံး ဘေးကင်းစွာနဲ့ ပြန်ထွက်လာနိုင်ခဲ့ပါတယ်” ဟုပြောသည်။
တောင်ငူလေတပ်စခန်းအတွင်း ရှော့တိုက်ဒုံး ၇ လုံးထိမှန်ပေါက်ကွဲအားကြောင့် တပ်စခန်းအတွင်း ထိခိုက်မှုပြင်း ထန်နိုင်ပြီး ထိခိုက်ပျက်စီးမှုအသေးစိတ်သတင်းအတိ အကျကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများကို ယခင်ကထက်ပိုမိုအသုံးပြုလာပြီး ပြည်သူများနှင့် တော် လှန်ရေး အင်အားစုများအပေါ် ဓာတုဗုံး၊ အဆိပ်ဗုံးတို့ဖြင့် ကြဲချသည်ကို လက်တုန့်ပြန်လိုသည့်အတွက် ၎င်းတို့ အားထားရသော တောင်ငူလေတပ်စခန်းအား တိုက်ခိုက်ရခြင်းဖြစ်သည် ဟု မိတ်လက်တော်လှန်ရေးပူးပေါင်းအဖွဲ့များထံက သိရသည်။
အဆိုပါ တောင်ငူလေတပ်စခန်းအား ရှော့တိုက်ဒုံးပစ်ခတ်မှုသည် ဒုတိယအကြိမ်မြောက် တိုက်ခိုက်ခြင်းဖြစ်ပြီး Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Mountain Knights Civilian Defense Force (MKCDF) အဖွဲ့ အပါအဝင် သံတောင်မြောက်ပိုင်း အထူးဒေသအဖွဲ့၊ Fighter Sar Kae အဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်များနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယင်းအပြင် BWM အနေဖြင့် MKCDF အဖွဲ့အပါအဝင် မိတ်ဘက်တော်လှန်ရေးအဖွဲ့များနှင့် လက်တွဲကာ လေ တပ်ပစ်မှတ်များကို တစိုက်မတ်မတ် ဆက်လက်ပစ်ခတ်သွားမည်ဟု ထုတ်ပြန်ချက်တွင် အသိပေးထားသည်။
ဓာတ်ပုံ – ပေးပို့။
ပုံစာ – တောင်ငူလေတပ်စခန်းအား ပစ်ခတ်ခဲ့သည့် ရှော့တိုက်ဒုံး။