ကျိုက်မရော ဘိလပ်မြေစက်ရုံဟောင်းပစ္စည်းများအား အုပ်ချုပ်ရေးမှူးများ ခိုးယူရောင်းချ
*******
သဇင်
မေ ၁၀၊၂၀၂၄။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် (Mawlamyine Cement Limited) ဘိလပ်မြေစက်ရုံအဟောင်းရှိ စက် ပစ္စည်းများကို ရပ်ရွာအုပ်ချုပ်ရေးမှူးများ ခိုးထုတ်ကာ ရောင်းချနေသည်ဟု ဒေသခံများထံကသိရသည်။
အဆိုပါ ဘိလပ်မြေစက်ရုံသည် လည်ပတ်နိုင်ခြင်းမရှိတော့သည့်အတွက် စက်ရုံအတွင်းကျန်ရှိနေသေးသည့် ကုန်ကြမ်းပစ္စည်းများ၊ စက်ပစ္စည်းအပိုင်းအစများကို ရပ်ရွာအုပ်ချုပ်ရေးမှူးများက ၎င်းတို့စိတ်ကြိုက် ဈေးနှုန်းသတ်မှတ်ကာ ရောင်းချနေသည်ဟု ဒေသခံအမျိုးသား ၁
ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “ခုလိုတွေယူနေကြတာ တော်တော်ကြာပြီး။ ညညဘက်မှ လုပ်ကြတာ။ ခြောက်ဘီးကားတစ်စီးကို သိန်း ၅၀၊ လိုက်ထရက်တစ်စီးကို သိန်း ၃၀။ ဆိုင်ကယ်တွေနဲ့တောင် လာသယ်နေကြတယ်။ ဆိုင်ကယ်တစ်စီးဆို တစ်သိန်း။ သူတို့(အုပ်ချုပ်ရေးမှူး)တွေက စက်ရုံဂိတ်ကနေဈေးဖြတ်နေကြတာ” ဟု ဆိုသည်။
ယင်းအပြင် အဆိုပါစက်ရုံရှိပစ္စည်းများကို သံတိုသံစရောင်းဝယ်သူများကပါ လာရောက်ဝယ်ယူနေကြပြီး ဝါယာမီးကြိုးပါမကျန် ဖြုတ်ရောင်းနေကြသည်ဟု ဒေသခံအမျိုးသမီး ၁ ဦးက ဆိုသည်။
၎င်းက “တစ်နေ့ကတောင်မှ သတ္တုကုလားပဲက ကုမ္ပဏီက သံတွေရောင်းဖို့ရှိသေးလားမေးတယ်။ ကျွန်မက အဲဒါတွေနဲ့ အဆက်အစပ်မရှိဘူးပြောလိုက်တယ်။။ သူကပြောတယ်။ ဒီဘက်တစ်ဝိုက်ကသူတွေ သူတို့နဲ့ ရောင်းနေတယ်တဲ့။ ဒီတိုင်းလွတ်ထားရင် စက်ရုံခေါင်မိုးတောင် ကျန်မှာမဟုတ်ဘူး” ဟု ဆိုသည်။
လက်ရှိတွင် စက်ရုံအတွင်းရှိပစ္စည်းများ ခိုးယူရောင်းချနေသည့် သတင်းများထွက်ပေါ်နေခြင်းကြောင့်အုပ်ချူပ်
ရေးမှူးများကို ရပ်ရွာအတွင်းစုံစမ်းစစ်ဆေးမှု ပြုလုပ်နေသည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။
အဆိုပါစက်ရုံရှိ ပစ္စည်းများသယ်ဆောင်လာသည့်ကားများကို တစ်စီးလျှင်တစ်သိန်းကျပ် ဂိတ်ကြေးကောက်ယူကာ စံပယ်ဂူတံတားစစ်ဆေးရေးဂိတ်ရှိ တာဝန်ရှိသူများက ဖြတ်သန်းခွင့် ပြုထားသည်ဟု ဒေသခံများကဆို သည်။
MCL ဘိလပ်မြေစက်ရုံသည် ကျိုက်မရောမြို့နယ် ပျားတောင်ဒေသတွင်တည်ရှိသည့် SCG Cement အမှတ်တံဆိပ် ဘိလပ်မြေထုတ်လုပ်သည့် စက်ရုံဖြစ်ပြီး ကုန် ကြမ်းထုံးကျောက်မရသည့်အတွက် ၂၀၂၀ ခုနှစ် ဇူလိုင် ၁၅ရက်တွင် ရုတ်တရက် လုပ်ငန်းရပ်ဆိုင်းခဲ့ခြင်းဖြစ် သည်။
ပုံစာ – Mawlamyine Cement Limited ဘိလပ်မြေစက်ရုံ။(ပုံဟောင်း)
****
Telegram – > https://t.me/ThanLwinKhetNews/4564
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9875