အလောင်းတော်ကဿပနယ်မြေတွင်း သစ်ခိုးထုတ်မှုပြဿနာ ပူးပေါင်းဖြေရှင်းဖို့လို
****
ယမင်းဖူးပွင့်အောင်
မေ ၉၊ ၂၀၂၄။
မြန်မာနိုင်ငံ၏ အကြီးဆုံးအမျိုးသားဥယျာဉ်ဖြစ်သည့် အလောင်းတော်ကဿပသစ်တောကြိုးဝိုင်းအတွင်း တရားမဝင်သစ်ခိုးထုတ်မှုများနှင့် ရင်ဆိုင်နေရသည်။
ယင်းအခြေအနေကို နယ်မြေခံတော်လှန်ရေးတပ်ဖွဲ့များအားလုံး ပူးပေါင်းဖြေရှင်းရန်လိုအပ်နေသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ဆိုသည်။
အလောင်းတော်ကဿပသစ်တောကြိုးဝိုင်းသည် စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ ပုလဲ၊ ကနီ၊ မင်းကင်းစသည့် မြို့နယ် ၄ မြို့နယ်အစပ်တွင် တည်ရှိနေပြီး စတုရန်းကီလိုမီတာ ၁,၅၀၀ ထက်မနည်း ကျယ်ပြန့်သည်။
အဆိုပါသစ်တောကြိုးဝိုင်းအတွင်း သစ်ခိုးထုတ်နေမှု
များကိုတားဆီးနိုင်ရန် တော်လှန်ရေးအဖွဲ့အစည်း ၇ ဖွဲ့ပါဝင်သည့် အလောင်းတော်ကဿပ သစ်တောကြိုးဝိုင်း ထိန်းသိမ်းရေးကော်မတီကို ဧပြီလ ၁၅ ရက်တွင် ဖွဲ့စည်းခဲ့သည်။
ကော်မတီဝင်တော်လှန်ရေးရဲဘော်များက ကင်းလှည့်စစ်ဆေးမှုများရှိနေသော်လည်း အချို့သော တော်လှန် ရေးအဖွဲ့အစည်းများက သစ်ခိုးဂိုဏ်းများထံက အခ ကြေးငွေယူဆောင်ကာ လွှတ်ပေးမှုများရှိနေသောကြောင့် အခက်ကြုံနေရသည်ဟု ဆိုသည်။
“တချို့ပကဖတွေက လွှတ်ပေးချင်နေတာမျိုးတွေရှိတယ် ။ အဲဒါကို ကျွန်တော်တို့က ဖမ်းကြတဲ့အခါကျတော့ မကြိုက်တဲ့အပိုင်းတွေရှိတယ်”ဟု ကြိုးဝိုင်းကော်မတီအဖွဲ့ဝင်နှင့် ယင်းမာပင်ခရိုင်တပ်မဟာ ဒုဥက္ကဋ္ဌအဖြစ်တာဝန်ယူထားသည့် ဗိုလ်သံမဏိက ပြောသည်။
စစ်ကောင်စီကြောင့် နေအိမ်ဆုံးရှုံးခဲ့ရသည့် မီးဘေးသင့်ပြည်သူများအတွက် ကူညီပေးချင်သူများအနေဖြင့်လည်း မျှောစာ၊ ထောက်ခံစာ စသည့် တရားဝင်လမ်း ကြောင်းဖြင့် လုပ်ဆောင်ကြရန်ကိုလည်း တိုက်တွန်းထားသည်။
အာဆီယံအမွေအနှစ်အဖြစ် သတ်မှတ်ခံထားရသည့်အလောင်းတော်ကဿပကြိုးဝိုင်းသည်၂၀၂၁ ခုနှစ်စစ် အာဏာသိမ်းပြီးနောက်ပိုင်း သစ်တောပြုန်းတီးမှုဒဏ်ကို ပိုမိုကြုံတွေ့လာရသည်မှာ သစ်ခိုးဂိုဏ်းများကြောင့်သာမကဘဲ အချို့သော တော်လှန်ရေးတပ်ဖွဲ့များ၏ ပယောဂနှင့်လည်းမကင်းဟု နီးစပ်သူများက ဆိုသည်။
တော်လှန်ရေးကာလ သုံးနှစ်ကျော်လာသည်နှင့်အမျှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဒေသခံများသည် အကြပ်အတည်းဖြေရှင်းနိုင်ရေးအတွက် သစ်ခုတ်ယူမှုများလည်းရှိနေသည်ဟု ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်း၏ တပ်ထောက်တာဝန်ခံ ကိုနေမင်း က ထောက်ပြထား သည်။
၎င်းက “အခက်အခဲတွေကလည်း များလာတော့ သစ်တွေ၊ ဝါးတွေ ထုတ်ယူသုံးစွဲလာတာ တွေ့ရတယ်။ ထင်းဆိုရင်လည်း ကားတွေနဲ့ အစီးလိုက်၊ စိုက်မယ့်သူမရှိဘူး။ ခုတ်မယ့်သူပဲရှိတယ်ပေါ့”ဟု ဆိုသည်။
ယခုအချိန်တွင် သစ်တောကြိုးဝိုင်းအတွင်း ကျွန်း၊ တမလန်း၊ ပိတောက်နှင့် သစ်မာအမျိုးအစားများကို ခုတ်ယူမှုများပြားနေပြီး တောနက်ပိုင်းများတွင်သာ တွေ့နိုင်တော့သည်ဟုလည်း သိရသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ သယံဇာတဝန်ကြီးဌာန ၏ ညွှန်ကြားချက်များရှိနေသော်လည်း အောက်ခြေအဂတိလိုက်စားမှုများကို အရေးယူဖြေရှင်းနိုင်ရန် စိန်ခေါ်မှုများရှိနေသည်ဟု ဗိုလ်သံမဏိက ဆိုသည်။
“အဂတိတိုက်ဖျက်ရေးအဖွဲ့လည်းမရှိတော့ ကားတွေကို အဆင်ပြေသလို ပိုက်ဆံတောင် ပြီးရင် အိတ်ကပ်ထဲ ထည့်နေတဲ့ဟာတွေ တွေ့နေမြင်နေရပေမယ့် အရေးယူဖို့ခက်နေတာ ပြဿနာတစ်ခုပဲ”ဟု ၎င်းကဆိုသည်။
အလောင်းတော်ကဿပနယ်မြေအပါအဝင် စစ်ကိုင်း တိုင်းတွင်းရှိ သစ်တောကြိုးဝိုင်းများကနေ စစ်ကောင်စီခိုးထုတ်လာသည့် သစ်လုံးများကိုလည်း ချင်းတွင်းမြစ် ကြောင်းတွင် ပြီးခဲ့သည့်နှစ်အတွင်း ဆက်တိုက်ဖမ်းဆီးနိုင်ခဲ့သည်။
ဓာတ်ပုံ-ပေးပို့။
****
Telegram – > https://t.me/ThanLwinKhetNews/4554
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9847