မြဝတီတွင် UID ယာယီကတ်ပြုလုပ်မှု ရပ်ဆိုင်းထားပြန်
********
စကားမောင်
မေ ၈ ၊ ၂၀၂၄။
မြဝတီမြို့ လူဝင်မှုကြီးကြပ်ရေး(လဝက)ရုံးတွင် သီးသန့် အထောက်အထား(UID) ကတ်ပြုလုပ်ခြင်းကို ယနေ့နံနက်ပိုင်းကစ၍ ယာယီရပ်ဆိုင်းထားသည်ဟု ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာနက မေလ ၁ ရက်ကစ၍ စမတ်ကတ်ပါရှိ
မှသာ နယ်စပ်ဖြတ်သန်းခွင့်ပြုမည်ဟု ကြေညာခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ယာယီကတ်ပြုလုပ်ရန် ပုံစံဖောင်တင််ထားခြင်းအားလက်ခံထားသော်လည်း နောက်ဆက်တွဲလုပ် ငန်းစဥ်များ ရပ်ဆိုင်းထားပြီး လာမည့် ဇွန်လ ၁၀ ရက် နောက်ပိုင်းမှသာ တုံကင်ပြန်လည်ရရှိမည်ဖြစ်သည်ဟု မြဝတီဒေသခံ ၁ ဦးထံက သိရသည်။
“ဆိုင်းငံ့ထားတယ်ဆိုတာက အခုတင်ထားတဲ့လူတွေဆိုရင် ၁ ရက်နေ့ထဲကတင်ထားတဲ့သူတွေက ၂၀ ရက်နေ့ဖြစ်လိုဖြစ်၊ ဒိတ်ပေးထားတဲ့ရက််တွေက အရမ်းဝေးနေသေးတာ။ နောက်ထပ််ဆိုရင်တော့ ပိုဆိုးမှာပေါ့”ဟု မြဝတီဒေသခံ ကိုဝင်းတင် (အမည်လွှဲ) ကဆိုသည်။
လဝကရုံး၏ကွန်ပြူတာဆာဗာတွင် အိမ်ထောင်စုစာရင်းနှင့် မှတ်ပုံတင်မှန်နေသော်လည်း စာလုံးပေါင်းအမှားအယွင်းကဲ့သို့ တစ်စုံတစ်ရာမှားယွင်းခဲ့လျင် မိမိ၏နေရပ်ပြန်၍ ပြန်လည်ပြင်ဆင်မှသာ ဆက်လက်ပြုလုပ်နိုင်မည်ဟုဆိုသည်။
“အဲဒီစမတ်ကတ်က သူတို့သိမ်းဆည်းထားတဲ့ အချက် အလက်တွေက ဘယ်လောက်အခန်းကဏ္ဍထိ လုံခြုံမှုပေးမှာလည်းဗျာ။ ဒီလုံခြုံမှုစနစ်ကို ဘယ်လောက်လုံခြုံအောင်လုပ်နိုင်လဲပေါ့။ နောက်ပြီးမြဝတီမြို့မှာဆို ပြတင်းပေါက်ဖွင့်ပြီးလှမ်းကြည့်ရင် အဲ့စမတ်ကတ်အသံတွေ ဆူညံနေတာပဲ”ဟုလည်း ၎င်း၏အမြင်ကို ပြောသည်။
လဝကရုံးက UID ကတ်စတင်ပြုလုပ်သည့်အချိန်ကစ၍ ယာယီကတ်များ၊ တုံကင်နံပါတ်များသာ ထုတ်ပေးခဲ့ပြီး အမှားပြင်ဆင်ရသည့်လုပ်ငန်းစဥ်မှာ ရက်အလွန်ကြာမြင့်လျက်ရှိသည်ဟု ကိုယ်တိုင်သွားရောက်ပြုလုပ်ခဲ့သူများထံက သိရသည်။
UID ယာယီကတ်ပြုလုပ်ရန်အတွက် ကွန်ပြူတာဆာဗာမရခြင်း၊ အင်တာနက်လိုင်းမရခြင်းကဲ့သို့ အကြောင်းပြချက်များဖြင့် ကြန့်ကြာနှောင့်နှေးနေကာ စောင့်ဆိုင်းနေသူများနှင့် အမြဲပြည့်နှက်လျက်ရှိနေသည်ဟုလည်း သိရသည်။
“ခုထိစောင့်နေဆဲပဲ။ အကြောင်းပြန်ပေးမယ်လို့ပြောပြီးတော့မှ ဘာမှပြန်မပြောသေးဘူးရှင့်”ဟု အမှားပြင်ဆင်ရန်စောင့်နေသူ ၁ဦးထံက သိရသည်။
မေလ ၁ ရက်တွင် ယာယီကတ်များထုတ်ပေးခဲ့ပြီး ယမန် နေ့အထိ တုံကင်စာရွက်နှင့် ဦးစီးမှူးလက်မှတ်ပါမှသာ နယ်စပ်ဖြတ်ခွင့်ပေးခဲ့သည်ဟု ဒေသခံအမျိုးသား ၁ ဦး က ပြောသည်။
ယာယီကတ်ရရှိရေးစောင့်ဆိုင်းနေသူများ၏ မော်တော် ဆိုင်ကယ်နှင့် ကားများရပ်ဆိုင်းရန် အခက်အခဲရှိနေပြီး မြဝတီမြို့ရှိ ယာဥ်ထိန်းရဲများက ၎င်းဆိုင်ကယ်နှင့်ကားများကိုသယ်ယူကာ ဒဏ်ကြေးဆောင်ခိုင်းခြင်းများလည်းရှိနေသည်ဟုသိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ထားသောကြေညာချက်တွင် နယ်စပ်အဝင်၊အထွက်များမှ လူဦးရေအတိအကျရရှိနိုင်ရန်၊ မှတ်ပုံတင်အတုများအသုံးပြု၍သွားလာခြင်းများ၊ အသုံးမပြုသည့်ကတ်များနှင့်သွားလာခြင်းကိုထိန်းချုပ်ရန် UID ကတ်များ ပြုလုပ်နေခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
UID ယာယီကတ်များထုတ်ပေးရာတွင် ဇီဝဆိုင်ရာအချက် အလက်များဖြစ်သော လူတစ်ယောက်၏အသွင်အပြင်၊ လက်ဗွေရာ၊ မျက်စိသူငယ်အိမ်မှတ်တမ်းတင်အတည်ပြုခြင်းများနှင့် ကိုယ်ရေးအချက်အလက်များဖြစ်သော အမည်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ်၊ သွေးအုပ်စု၊ အီးမေးလ် အစရှိသည်များအား ကောက်ယူ၊ စိစစ်၊ သိမ်းဆည်းနေခြင်းဖြစ်သည်။
ရုပ်သံ- မေလ ၃ ရက်တွင် UID ကတ်ပြုလုပ်ရန် စောင့်ဆိုင်းနေသူများကိုတွေ့ရစဥ်