ယင်းမာပင်ဒေသခံများ သောက်သုံးရေရှားပါးနေ
******
စကားမောင်
မေ ၈ ၊ ၂၀၂၄။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်ရှိ ကျေးရွာများတွင် ရာ သီဥတုပူပြင်းလာသဖြင့် မြစ်ချောင်းများခြောက်ခမ်းလာသောကြောင့် သောက်သုံးရေရှားပါးနေသည်ဟု ဒေသခံများထံက သိရသည်။
ဧပြီလတွင် မြန်မာနိုင်ငံနေရာ အနှံ့အပြား၌ အပူချိန်အလွန်အမင်းမြင့်တက်ခဲ့ပြီး ကျေးရွာများရှိ သက်ကြီးရွယ်အိုများ သေဆုံးမှုရှိခဲ့ကာ ရာသီဥတုပူပြင်းလွန်းလာ
ခြင်းကိုကြိုဆင်ရန်ကလည်း ပြည်သူများအနေဖြင့် ခက်ခဲလျက်ရှိသည်ဟု ဆိုသည်။
ယင်းမာပင်ခရိုင် အမှတ် ၁၂ တပ်ရင်းက တပ်ထောက်တာဝန်ခံ ကိုနေမင်းက “ သုံးရေလည်းရှားတယ်။ သောက် ရေလည်းရှားတယ်။ ဒေသခံတွေအနေနဲ့တော့ ပြင်ဆင်မှုပိုင်းက မရှိသလောက်ဘဲပေါ့။ တချို့ရွာတွေမှာ ခုမှပဲဆည်တွေလုပ်ကြတယ်။ သို့သော်လည်း ရန်ပုံငွေဘတ် ဂျက်မလုံလောက်တဲ့အတွက် သူတို့တစ်ဝက်တစ်ပျက်နဲ့ နားထားရတာတွေရှိတယ် ”ဟု ပြောသည်။
သောက်သုံးရေရှားပါးမှုကြောင့် လက်ယက်တွင်းများတူးကာ သုံးစွဲနေကြရပြီး ရေအလှည့်ကျခပ်ခြင်းကဲ့သို့သော နည်းလမ်းများဖြင့် ရေတိုဖြေရှင်းနေကြသည်ဟု သိရသည်။
“အပူဥတုကို ခံနိုင်ဖို့ရာအတွက် ပြင်ဆင်တဲ့အပိုင်းမှာတော့ တော်တော်ကြီးကို အားနည်းနေတာတွေ့ရတယ်။ အဆိုးဆုံးကတော့ သစ်ပင်တွေခုတ်တာတွေများတာပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့လည်း ဒေသခံ ပကဖတွေ၊ ပအဖတွေ၊ ပလဖတွေနဲ့ သစ်တောတာဝန်ခံတွေလည်း ကောင်း ကောင်းမထိန်းချုပ်နိုင်တာ တွေ့ရတယ်”ဟု ၎င်းက ဆက် လက်ပြောဆိုသည်။
ထို့အတူ ကနီမြို့နယ်ရှိကျေးရွာများက စစ်ရှောင်နေရသူ များသည် ရာသီဥတုဒဏ်နှင့် နေထိုင်စားသောက်ရေးအတွက် မိုးကာများ၊ ရိက္ခာများ စသည်တို့အား အရေး တကြီးလိုအပ်နေသည်ဟု ကနီဒေသခံ ၁ ဦးက ဆိုသည်။
၎င်းက “စစ်ရှောင်ဦးရေတော့ ပြောလို့မရဘူး။ လော လောဆယ်မှာ ရွာထဲကို မနေကြတော့ဘူး။ ဖြစ်သလိုနေနေကြရတာ။ ရေတွင်းတူးထားတာလေးတွေတော့ရှိတာပေါ့။ မတတ်နိုင်တဲ့သူတွေက ဘေးကတွင်းလေးကို သွားသွားခပ်ရတာပေါ့” ဟုပြောသည်။
စစ်ကိုင်းနှင့် မကွေးတိုင်း၏ရာသီဥတုအပူချိန်သည် ယမန်နှစ်ကထက်ပို၍ တိုးမြင့်လာပြီး ကမ္ဘာ့စံချိန်တင် ပူပြင်းသောဒေသများဖြစ်သည်ဟု မိုးလေဝသဌာနများတွင်ဖော်ပြခဲ့သည်။
စစ်အာဏာသိမ်းပြီး ၃ နှစ်တာကာလအတွင်း (အနည်းဆုံး
၁ ကြိမ်နှင့်အထက် အပြန်အလှန်ပစ်ခတ်) တိုက်ပွဲဖြစ်ပွားခဲ့သည့် မြို့နယ် ၂၂၈ မြို့နယ် (နိုင်ငံအနှံ့ မြို့နယ်စုစု ပေါင်း၏ ၆၉ ရာခိုင်နှုန်း) ရှိခဲ့၍ လူသားချင်းစာနာမှုဆိုင် ရာ အညွှန်းကိန်း အကြပ်အတည်းမြင့်မားနေသည့် မြို့ နယ်ပေါင်း ၆၁ မြို့နယ်ရှိခဲ့ကာ စစ်ကိုင်းတိုင်းမှာတော့ မြို့နယ် ၂၁ မြို့နယ်အထိပါဝင်ပြီး အများဆုံးဖြစ်ခဲ့သည်ဟု ISP-Myanmar တွင်ဖော်ပြထားသည်။
ထို့အပြင် ပြီးခဲ့သည့် မေလ ၁ ရက်တွင်လည်း မုံရွာ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ကနီ၊ ဘုတလင်၊ အရာတော် တဝိုက်တွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့သည့်အတွက် နေအိမ်အဆောက်အအုံများပျက်စီးခဲ့ကာ လူထိခိုက် သေဆုံးခဲ့သည်ဟု ကူညီနေသူများထံက သိရသည်။