KNDF က တပ်ရင်းအမှတ်၂၇ ဖွဲ့စည်း
******
ယမင်းဖူးပွင့်အောင်
မေ ၈၊ ၂၀၂၄။
ကရင်နီပြည်၊ လွိုင်ကော်မြို့တွင် စစ်ရေးအားဖြည့်နိုင်ရန် ရည်ရွယ်၍ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် – KNDF တပ်ရင်းအမှတ် -၂၇ ကို မေလ ၁ ရက်က ဖွဲ့စည်းလိုက်သည်ဟု ယမန်နေ့တွင် ထုတ်ပြန်သည်။
တပ်ရင်းအမှတ် ၂၇ သည် အမှတ် ၇ စစ်ဗျူဟာ အပတ် စဉ် ၁ အခြေခံစစ်သင်တန်းကနေ ပေါက်ဖွားလာခြင်းဖြစ်ပြီး သင်တန်းကာလ ၁ လ ကြာမြင့်ခဲ့သည်ဟု KNDF B-27 တာဝန်ရှိသူ ၁ ဦးက သံလွင်ခက်ကို ပြောသည်။
၎င်းက “အခြေခံစစ်သင်တန်းအနေနဲ့ကတော့ ဧပြီ ၃၀ ရက်မှာ သင်တန်းပြီးဆုံးခဲ့တဲ့ ဗျူဟာ – ၇ စစ်သင်တန်းမှာ ၁ လကြာ ပူးပေါင်းတက်ရောက်စေခဲ့တယ်ဗျ။ စစ်ရေးပြင်းထန်တဲ့ကာလရယ်လို့တော့ ထွေထွေထူးထူး အခက် အခဲတော့မရှိပါဘူးဗျ။ အကုန်လုံးက အရင်ကတည်းက စနစ်တကျလည်ပတ်ပြီးသားပါဗျ”ဟုဆိုသည်။
နိုဝင်ဘာ ၁၁ ရက်တွင် စတင်ခဲ့သည့် ၁၁.၁၁ စစ်ဆင်ရေးအတွင်း ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များသည် လွိုင်ကော်မြို့၏ ထက်ဝက်ကျော်ကို ထိန်းချုပ်စိုးမိုးထားနိုင်ခဲ့ပြီး စစ်ကောင်စီတပ်များကိုလည်း ပိတ်ဆို့ထားနိုင်ခဲ့သည်။
KNDF B – 27 သည် လွိုင်ကော်ဒေသတွင် စစ်ရေးလှုပ်ရှားသွားမည်ဖြစ်ပြီး KNDF ဗျူဟာ ၇ ၏ အမိန့်ပေးကွပ်ကဲမှုအောက်၌ စစ်ကောင်စီယန္တရားနှင့် ထောက်တိုင်များကို ဖြိုခွင်းသွားရန် ဦးတည်ထားသည်ဟုလည်း ၎င်းက ဆို သည်။
“၁၁၁၁ စစ်ဆင်ရေးနောက်ပိုင်း လွိုင်ကော်မြို့အတွင်း ရရှိလာတဲ့နယ်မြေတွေကို ထိန်းသိမ်းဖို့နဲ့ ထပ်ပြီးရလာဖို့ရှိတဲ့ နယ်မြေတွေကို ဆက်သိမ်းပိုက်ပြီး ကရင်နီပြည်တစ်ခုလုံးအတိုင်းအတာနဲ့ စစ်ကောင်စီကို ဝိုင်းပြီးတော်လှန်ဖို့ပါပဲ ” ဟု B 27 တာဝန်ရှိသူက ပြောသည်။
လက်ရှိတွင် ကရင်နီတော်လှန်ရေးတပ်ဖွဲ့များသည် မယ်စဲ့၊ ဒီးမော့ဆို၊ ရှားတော၊ မော်ချီး၊ မိုးဗြဲ၊ ရွာသစ်နှင့် နန်းဖယ်ခုံ
စသည့် မြို့ ၇ မြို့ကို ထိန်းချုပ်ထားပြီး စစ်ကောင်စီစခန်း ၆၅ ခုကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့သည်။
ဓာတ်ပုံ-ပေးပို့။