စနဲမြို့ဈေးကို စစ်တပ်ကဒရုန်းဗုံးကြဲသဖြင့် အရပ်သားသေဆုံး
*******
ခင်သရဖီဦး
မေ ၈၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့စျေးအား ယနေ့ မေလ ၈ ရက်၊ နံနက် ၇ နာရီခွဲအချိန်တွင် စစ်ကောင်စီက ဒရုန်းဖြင့်ဗုံးကြဲခဲ့သောကြောင့် ၁ ဦးသေဆုံး ၍ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
ယင်းအပြင် စစ်ကောင်စီက စျေးအနီးတဝိုက်အား ဒရုန်းဖြင့် ၈ ကြိမ် ခန့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံ ၁ ဦးကဆိုသည်။
၎င်းက “ဒီနေ့ ၇ နာရီခွဲကနေ ၉ နာရီလောက်အထိကို ခနခန လာချတာပါ။ စနဲဈေးနဲ့ ဈေးအနီးတဝိုက်ကို ဒရုန်းနဲ့ လာပြီး ဗုံးကြဲချခဲ့တာ။ စျေးသည်အမျိုးသမီး ၁ဦး သေ သွားတယ်။ နောက် အနီးအနားက စျေးလာဝယ်တဲ့ လူ ၃ ယောက် ဒဏ်ရာရသွားတယ်” ဟုဆိုသည်။
သေဆုံးသွားသူမှာ ဒေါ်မျိူးသန္တာဝင်း ၂၈ နှစ်ဖြစ်ပြီး ဒဏ်ရာရှိသွားသူများမှာ ဦးထွန်းထွန်း ၃၄နှစ်၊ ဒေါ်ကလောင်မေ ၄၂ နှစ်နှင့် ဦးသန်းမောင်ချေ ၃၄ နှစ်တို့ ဖြစ်ကြသည်ဟု သိရသည်။
ယင်းအပြင် ဗုံးပေါက်ကွဲသည့်အတွက် ဈေးအတွင်းရှိ ဈေးဆိုင်ခန်း ၈ ခန်းဝန်းကျင်မီးလောင်ခဲ့ပြီး ကုန်ပစ္စည်း များလည်း ပျက်စီးဆုံးရှုံးခဲ့သည်ဟု ၎င်းကဆိုသည်။
“စျေးက ဆိုင်ခန်း ၇ ခန်း ၈ခန်းလောက် မီးလောင်သွားတယ်။ ပစ္စည်းတွေလည်း ပါသွားတယ်”
စစ်ကောင်စီတပ်က ယခုကဲ့သို့ပင် ဒရုန်းများအသုံးပြုပြီး စနဲမြို့ကို မကြာခဏတိုက်ခိုက်လေ့ရှိသည်ဟုလည်းသိ
ရသည်။
ရခိုင်ပြည်နယ်တွင် စစ်ကောင်စီက လေကြောင်း တိုက် ခိုက်မှု နေ့စဥ်ပြုလုပ်နေသည့်အတွက် အရပ်သားပြည်သူ များ မကြာခဏ သေဆုံးနေရသည်။
ဓာတ်ပုံ – CJ
ပုံစာ – စစ်ကောင်စီဒရုန်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် စနဲဈေး။