တနင်္သာရီတိုင်းရှိ ပဲဒက်စခန်းအား KNLA၊PDF ပူးပေါင်းတပ်များသိမ်းပိုက်
*****
သဇင်
မေ ၈၊၂၀၂၄။
တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာ
ရှိ ပဲဒက်စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ယနေ့ မေလ ၈ ရက် မနက်ပိုင်းက အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်ဟု တပ်ရင်း ၂၇ တပ်ရင်းမှူး စောမှူးဂေ က သံလွင်ခက်ကိုပြောသည်။
ပဲဒက်စခန်းကို ပြီးခဲ့သည့် မေလ ၅ ရက် မနက် ၆ နာရီခန့်က စတင်တိုက်ခိုက်ခဲ့ပြီး ၄ ရက်အကြာ မေလ ၈ ရက် မနက် ၈ နာရီ ၁၅မိနစ်ခန့်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။
အဆိုပါစခန်းအားတိုက်ခိုက်ခဲ့သည့် ၄ ရက်တာကာလ အတွင်း တိုက်ပွဲများဆက်တိုက်ပြင်းထန်ခဲ့ပြီး စစ်ကောင် စီတပ်က K 8 W ဂျက်ဖိုက်တာ၊ Mi – 2 ရဟတ်ယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်ဟုလည်း တပ်ရင်း ၂၇ တပ်ရင်းမှူး စောမှူးဂေ က ဆို သည်။
၎င်းက “တိုက်ပွဲက တော်တော်ပြင်းထန်ခဲ့တယ်။ လေ ကြောင်းကနေပစ်တာလည်း နေ့တိုင်းပဲ။ ကျွန်တော်တို့ဘက်ကလည်း ချက်ချင်းတက်ရင် ထိခိုက်တာတွေများနိုင်တယ်။ ကျဆုံးတာလည်းများတယ်။ ဒါကြောင့် ကျဆုံးမှုမများစေချင်လို့ ကျွန်တော်တို့အချိန်တစ်ခုယူပြီးတိုက်ခဲ့တယ်” ဟုဆိုသည်။
အဆိုပါစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၂ ဦးအရှင်ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်း ၂၀ ကျော်သိမ်းဆည်းရမိခဲ့သလို KNLA၊ PDF ပူးပေါင်းအဖွဲ့ကလည်း ၂ယောက်ကျဆုံးခဲ့သည်ဟု တပ်ရင်းမှူး စောမှူးဂေက ပြောသည်။
၎င်းက “သူတို့က စစ်ကူမလာနိုင်တော့တဲ့အချိန် ကျွန် တော်တို့ကလည်း သူတို့စခန်းထိ အနီးကပ်ရောက်နေတဲ့အချိန်မှာ တပ်သား ၂၂ ယောက်ကလက်နက်ချတယ်။ ၄ ယောက်က ထွက်ပြေးသွားတယ်။ စခန်းကိုရှင်းလင်းရေးလုပ်တော့ စကစအလောင်း ၄ လောင်းတွေ့ရတယ်”ဟုဆိုသည်။
ပဲဒက်စခန်းသည် ရန်ကုန်-ထားဝယ်-မြိတ်-ကော့သောင်းသွားသည့် အမှတ် ၈ ပြည်ထောင်စုလမ်းပေါ်တည်ရှိပြီး စစစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့ဝင် အင်အား ၄၀ ခန့် ရှိသည်ဟု သိရသည်။
အဆိုပါ စစ်ကောင်စီတပ်စခန်းသည် သရက်ချောင်းမြို့ နယ်၏ အချက်အချာကျသည့်နေရာတွင်တည်ရှိပြီး ရေ ကြောင်းထွက်ပေါက်လည်းရှိသည့်အပြင် မြိတ်ခရိုင် ပုလော၊ ပလောက်မြို့နှင့် ၁၀မိုင်ခန့်အကွာတွင် တည်ရှိ သည်ဟု တပ်ရင်းမှူး စောမှူးဂေ က ဆိုသည်။
ဓာတ်ပုံ – ပေးပို့
ပုံစာ – ပဲဒက်စစ်ကောင်စီစခန်းက အရှင်ဖမ်းဆီးမိခဲ့သော စစ်ကောင်စီတပ်သားများ မြင်ကွင်း။
****
Telegram – > https://t.me/ThanLwinKhetNews/4548
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9828