ကိုယ်ဝန်ဆောင် ၁ ဦးအပါအဝင် ဒေသခံ ၉ဦးကို စစ်ကောင်စီက လူသားဒိုင်းအဖြစ်ဖမ်းဆီး
*****
ယမင်းဖူးပွင့်အောင်
မေ ၇၊ ၂၀၂၄။
ဆီဆိုင်မြို့နယ် ထီဗွာကျေးရွာရှိ ဒေသခံ ၉ ဦးကို စစ်ကောင်စီက လူသားဒိုင်းအဖြစ်ဖမ်းဆီးထားပြီး လက်ရှိအချိန်အထိ ပြန်လွှတ်ပေးခြင်းမရှိဟု ဒေသခံများထံက သိရသည်။
ယမန်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ထီဗွာကျေးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ဦး အပါအဝင် ဒေသခံ ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်ထားသည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA က ထုတ်ပြန်ထားသည်။
ရွာတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာမှုကြောင့် နေရပ်စွန့်ခွာမည့် ဒေသခံများကို စစ်ကောင်စီက ဖမ်းဆီးထားခြင်းဖြစ်သည်။
စစ်ကောင်စီ၏ ယခုလုပ်ရပ်သည် စစ်ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်ပြီး နိုင်ငံတကာ အဖွဲ့အစည်းများက ထိရောက်စွာ အရေးယူသင့်သည်ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက သံလွင်ခက်ကို ပြောသည်။
၄င်းက “ပြည်သူလူထုကို လူသားဒိုင်းလုပ်ပြီးမှ ဖမ်းဆီးထားတာပေါ့လေ။ စစ်ရာဇဝတ်မှုကျူးလွန်တာဖြစ်တယ်။ လူ့အခွင့်အရေးချိုးဖောက်တာလည်းဖြစ်တယ်။ စစ်ကောင်စီက ဒီလိုမျိုးအထပ်ထပ်အခါခါကျူးလွန်နေတာ အကြိမ်ပေါင်းမရေမတွက်နိုင်အောင် များပြားနေပြီဖြစ်ပါတယ်။ ဒီလိုမျိုးကျူးလွန်နေတဲ့အဖွဲ့အစည်းတွေကို ကမ္ဘာ့အဖွဲ့အစည်းတွေ မျက်စိမှိတ်ထားနေတာ ရှက်စရာကောင်းပါတယ်” ဟု ဆိုသည်။
အဆိုပါ ဖမ်းဆီးခံထားရသည့် ဒေသခံများသည် အမျိုးသား ၅ ဦးနှင့် အမျိုးသမီး ၄ ဦးတို့ဖြစ်သည့်အပြင် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးလည်းပါဝင်သည်ဟု သိရသည်။
ထို့ပြင် ကျေးရွာအတွင်းသို့ ပစ္စည်းပြန်သယ်သည့် ထီဗွာကျေးရွာသား ၁ ဦးလည်း စစ်ဘေးရှောင်ရာနေရာသို့ ပြန်လည်ရောက်ရှိလာခြင်းမရှိဘဲ ပျောက်ဆုံးနေသည်မှာ ၂ ရက်ရှိပြီဖြစ်သည်ဟု PNLA ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပြီးခဲ့သည့် မေလ ၁ ရက်နေ့ကလည်း စစ်ကောင်စီနှင့်လက်အောက်ခံ PNO ပြည်သူ့စစ်များက ထမ်းယံ ၊ ပန်းအွန်းကျေးရွာမှ ပြည်သူလူထုများကို အပြင်ထွက်ခွင့်မပေးပဲ ဓားစာခံအဖြစ် ခေါ်ဆောင်ထားခဲ့သည်။