ကျောက်တော် အလယ်ကျွန်းအား စစ်ကောင်စီဗုံးကြဲ ၊ သေဆုံးသူ ၇ ဦးရှိလာ
***********
ခင်သရဖီဦး
မေ ၇၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အလယ်ကျွန်းကျေးရွာအား စစ်ကောင်စီက လေကြောင်းဖြင့် ၃ ကြိမ်မြောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ရွာသား ၇ ဦး သေဆုံးခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ယမန်နေ့ မေလ ၆ ရက် နံနက်ပိုင်းတွင်လည်း လေကြောင်းဖြင့် ဗုံး ၂ ကြိမ်ကြဲခဲ့သည့်အတွက် မိသားစုဝင် ၄ ဦးနှင့် ရဟန်းတော် ၁ ပါး သေဆုံးသွားခဲ့သည်ဟု ကျေးရွာသားများက ဆိုသည်။
“၈ နာရီ ၄၀ လောက်မှာ အိမ်ကို ၁ လုံးချတယ်။ အိမ်မှာ ရှိတဲ့ မိသားစု၀င် ၄ ယောက်လုံး ပွဲချင်းပြီးသေတယ်။ နောက် ၁ ယောက်ကလည်း သတိမရသေးဘူး။ ၉ နာရီကျော်လောက်မှာ နောက်ထပ်လာပြီး ဘုန်းကြီးကျောင်း ကို ထပ်လာချတာပါ။ အဲ့မှာ ရဟန်း ၁ ပါးပါသွားတယ်” ဟု ဆိုသည်။
သေဆုံးသွားသူများသည် ဦးမောင်ဟန် – ၃၉ နှစ်၊ ဦးမောင်ဟန်၏ ဖခင်ဖြစ်သူ ဦးနီထွန်းဦး – ၇၅ နှစ်၊ မိခင်ဖြစ်သူ ဒေါ်သံဖြူ – ၇၁ နှစ်၊ အဖွားဖြစ်သူ ဒေါ်မဒွေး – ၈၉ နှစ်၊ ရဟန်းတော် အရှင်ဇာဂရ – သက်တော် ၆ဝ နှစ် တို့ဖြစ်ကြ သည်။
ယင်းအပြင် ဦးမောင်ဟန်၏ဇနီးဖြစ်သူ ဒေါ်စောမေသိန်း – ၃၃ နှစ်သည်လည်း အသက်အန္တရာယ်စိုးရိမ်းရပြီး ယခုအချိန်ထိ သတိမရသေးဟု ဆိုသည်။
“ကိုမောင်ဟန် အိမ်က လုံးဝပျက်စီးသွားတယ်။ သူတို့ အတွဲလိုက် ဗုံးက ၂ လုံးချတာ ကျွန်တော်မြင်လိုက်တယ်။ ဘုန်းကြီးကျောင်းက ကျွန်တော်တို့အိမ်နဲ့ဝေးတော့ မမြင်လိုက်ဘူး။ ကိုမောင်ဟန်အိမ်ဘေးက အမျိုးသမီးသက်ကြီး ပိုင်းတွေလည်း အဲမှာ ဒဏ်ရာရသွားတယ်။ ” ဟု အလယ်ကျွန်းကျေးရွာသား အခြား ၁ ဦးက ဆိုသည်။
ဒေါ်စောမေသိန်း အပါအဝင် အမျိုးလေး ၅ ဦးထိ ဒဏ်ရာရရှိခဲ့ပြီး လက်ရှိတွင် ဆေးရုံတင်ထားရသည်ဟု ဒေသခံများ ထံက သိရသည်။
အလယ်ကျွန်းကျေးရွာအနီးဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ယခုကဲ့သို့ပင် ပြီးခဲ့သည့် ဇန်နဝါရီလ နှင့် ဖေဖော်ဝါရီလများတွင်လည်း ဂျက်လေယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံ အမျိုး သား ၂ ဦးသေဆုံးပြီး ဒေသခံတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ်တချို့ ပျက်စီးခဲ့သည်။
အလယ်ကျွန်းကျေးရွာအား စစ်ကောင်စီက လေကြောင်းဖြင့်ယခုကဲ့သို့ပြုလုပ်နေခြင်းသည် ရည်ရွယ်ချက်ရှိရှိ ပြည်သူများအား ခြိမ်းခြောက်နေခြင်းဖြစ်ဖြစ်သည်ဟု ကျောက်တော်က တက်ကြွလှုပ်ရှားသူ ၁ ဦးကဆိုသည်။
၎င်းက “ကျွန်တော့်အမြင်ကတော့ စစ်တပ်က စစ်ရှုံးတာကိုလက်မခံနိုင်တာ၊ ရှုံးမဲမဲတာ။ နောက်တစ်ခုက ဒေသခံ တွေကို ခြောက်လန့်နေတာ ဖြစ်တယ်ပေါ့။ အပြစ်မရှိတဲ့ပြည်သူတွေကို ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်နေတာလို့ မြင် ပါတယ်” ဟု ဆိုသည်။
အလယ်ကျွန်းကျေးရွာတွင် အိမ်ခြေ ၄၂၀ နှင့် လူဦရေး ၂,၃၀၀ ကျော်ရှိပြီး လက်ရှိတွင် ကျေးရွာသားအချို့သည် အနီးဝန်းကျင်ရှိ ပေါက်တောရွာ၊ သာစည်၊ မင်းသားတောင် စသည့် ကျေးရွာများသို့ထွက်ပြေး တိမ်ရှောင်နေကြရသည်။