ဂိဒေါင်ဗျူဟာကုန်းကို KIA ပြန်လည်သိမ်းပိုက်
******
ထွယ်
မေ ၆၊ ၂၀၂၄။
၂၀၁၆ ခုနှစ်က လက်လွတ်ဆုံးရှုံးခဲ့ရသည့် ကချင်လွတ်လပ်ရေးတပ်မတော် – KIA ၏ တပ်မဟာ ၁ နယ်မြေတွင်ရှိ သော ဂိဒေါင်ဘွမ် – Gidon Bum ဗျူဟာကုန်းကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲခန့်၌ KIA ပူးပေါင်းတပ်က အပြီးတိုင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။
ကချင်ပြည်နယ်တွင် တကျော့ပြန်တိုက်ပွဲဖြစ်ပွားပြီးနောက် ၂၀၁၆ ခုနှစ်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဂိဒေါင်ဘွမ် – Gidon Bum ဗျူဟာကုန်းကို ၄ လကြာ တိုက်ခိုက်ခဲ့ပြီးနောက် တပ်စွဲနိုင်ခဲ့သည့် ဗျူဟာကုန်းစခန်းလည်း ဖြစ်သည်။
ယခုနှစ် မေလ ၃ ရက်တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် အဆိုပါ ဂိဒေါင်ဘွမ် – Gidon Bum ဗျူဟာကုန်းအပါအဝင် ဆမားဘွမ် – Sama Bum၊ အင်ခရမ်တောင် – Nhkram Bum၊ ကဂမ်ဘွမ် – Kagam Bum၊ ပုန်းလိန် – Pung Ling နှင့် ငါးဂျန် – Nga Gyang တပ်စခန်းတို့ကို KIA ပူးပေါင်းတပ်က တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုသို့ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် ဆမားဘွမ် – Sama Bum တပ်စခန်း၊ ပုန်းလိန် – Pung Ling တပ်စခန်း အပါအဝင် ကဂမ်ဘွမ် – Kagam Bum တပ်စခန်းနှင့် ငါးဂျန် – Nga Gyang တပ်စခန်း ၄ ခု ကို ယမန်နေ့က တပြိုင်နက်တည်း တိုက်ခိုက်သိမ်းပိုက်ထားနိုင်ခဲ့သည်ဟု KIA ရှေ့တန်းသတင်းရင်းမြစ်ထံက သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၎င်းတို့၏ ဖော့ဒေါ – Hpaw Daw တပ်စခန်းရှိ သေနတ်ဂိုထောင်ရုံကိုလည်း ကိုယ်တိုင်မီးရှို့ဖျက်ဆီးခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးသွားကြသည်ဟု KIA ရှေ့တန်းရဲဘော် ၁ ဦးက ပြောသည်။
၎င်းက “ မနေ့က လုံဂါဇွပ်ကနေ လောခွမ် ထိ အကုန်ရှင်းပြီ။ ဒီနေ့ ရှင်းလင်းရေးလုပ်မယ်ပြောတယ်” ဟု ပြောသည်။
ကချင်လွတ်မြောက်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ယခုနှစ် မတ်လ ၇ ရက်ကတည်းက ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို တပြိုင်နက်တည်းထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိ အချိန်ထိ မြို့ ၄ မြို့နှင့် တပ်စခန်း ၈၀ ခန့်ကို တိုက်ခိုက်သိမ်းပိုက်ထားပြီဖြစ်သည်။
ပုံ – Crd