ဒဏ်ရာရသူများတင်ဆောင်လာသည့် ရဟတ်ယာဉ်ကို ကရင်နီပူးပေါင်းတပ်ပစ်ချ
*****
သဇင်
မေ ၆၊၂၀၂၄။
ကရင်နီ (ကယား) ပြည်နယ် ၊ ဖားဆောင်းမြို့နယ်တွင် စစ်ကောင်စီတပ်၏ ရဟတ်ယာဉ် ၁ စီးကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များကပစ်ချနိုင်ခဲ့သည်ဟု ကရင်နီတပ်မတော် – KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောသည်။
ယနေ့ မေလ ၆ ရက် မနက် ၁၀ နာရီခွဲခန့်တွင် ဖားဆောင်းမြို့ရှိ တော်လှန်ရေးပူးပေါင်းအင်အားစုများရှိနိုင်သည့် နေရာအား စစ်ကောင်စီက ဂျက်ဖိုက် ၁ စီးဖြင့် ဗုံးကြဲပြီးနောက် ၁၀ မိနစ် ဝန်းကျင်ခန့်တွင် ဖားဆောင်းဘက်က ပျံသန်းလာသည့် Mi-17ရဟတ်ယာဉ်ကို ပစ်ချနိုင်ခဲ့ခြင်းဖြစ်သည်။
ကရင်နီတပ်မတော် – KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “ရဲဘော်တွေပြောပြချက်အရတော့ မီးခိုးတွေ ထွက်ပြီးပျက်ကျသွားတယ်လို့ပြောတယ်”ဟု ဆိုသည်။
အဆိုပါ ရဟတ်ယာဉ်သည် ဖားဆောင်းမြို့စခန်းသိမ်းတိုက်ပွဲတွင် ဒဏ်ရာရရှိထားသည့် စစ်ကောင်တပ်သား များအား တင်ဆောင်လာသည့်ရဟတ်ယာဉ်ဖြစ်သည်ဟု ဗိုလ်မှူးကြီးဘုန်းနိုင်က သံလွင်ခက်ကို အတည်ပြုပြောဆိုသည်။
၎င်းက “ဖားဆောင်းဘက်ကို လူနာတွေ သွားခေါ်လာတာထင်တယ်။ ကျွန်တော်တို့ရဲဘော်တွေ အဲ့မှာပစ်လိုက်လို့ထိသွားတာ ဖားဆောင်းနဲ့ ဘောလခဲကြားမှာ ပျက်ကျတယ်လို့ သိရတယ်”ဟုဆိုသည်။
ကရင်နီ တော်လှန်ရေးတပ်ပေါင်းသည် ယနေ့မနက်ပိုင်းတွင် Mi-17 ပျက်ကျခဲ့သည့် နေရာအား သွားရောက်စစ်ဆေးလျက်ရှိသည်ဟု သိရသည်။
ပြီးခဲ့သည့် မေလ ၄ ရက်ကစ၍ ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၁၃၄ နှင့် ၁၃၅ စခန်း ၂ ခု အား တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၀ ကျော်သေဆုံးကာ တော်လှန်ရေးရဲဘော် ၄ ဦးကျဆုံးခဲ့သည့်အပြင် ဆက်လက်၍လည်းတိုက်ပွဲပြင်းထန်နေသည်ဟု ဒေသအခြေစိုက် သတင်းမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။