ဘူးသီးတောင်တပ်မဌာနချုပ်အပါအဝင် စခန်း ၅ ခုထိ သိမ်းပိုက်ရရှိကြောင်း AA ထုတ်ပြန်
*******
ခင်သရဖီဦး
မေ ၅၊ ၂၀၂၄။
အာရက္ခတပ်တော် – AA အနေဖြင့် စစ်ကောင်စီ၏ စကခ ၁၅ ဘူးသီးတောင်တပ်မဌာနချုပ်အပါအဝင် တပ်စခန်း ၅ ခုအထိ သိမ်းပိုက်ရရှိထားပြီဟု ယမန်နေ့ မေလ ၄ ရက်က ထုတ်ပြန်ထားသည်။
AA သည်စစ်ကောင်စီ၏ လက်ကျန်စခန်းများဖြစ်သော စကခ ၁၅ ဘူးသီးတောင်လက်အောက်ရှိ တပ်ရင်းများ ဖြစ်သည့် ခမရ ၃၄၅၊ ခမရ ၃၅၂၊ ခမရ ၃၅၃၊ ခမရ ၅၃၅၊ ခမရ ၅၅၁၊ ခမရ ၅၅၂၊ ခမရ ၅၆၄၊ ခမရ ၅၆၅ တပ်ရင်းများနှင့် ဘူးသီးတောင်ဗျူဟာလက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခလရ ၂၃၃၊ ခလရ ၂၃၄၊ ခလရ ၂၆၃ နှင့် အမတ ၃၇၈ တို့ကို တစ်ခုပြီး တစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်ဟုဆိုသည်။
ယင်းအနက်က စခန်း ၅ ခုအား သိမ်းပိုက်ထားနိုင်ပြီဟု AA က ထုတ်ပြန်သည်။
” ခမရ ၅၅၂ တပ်ရင်းအား ၂၀၂၄ ခုနှစ်၊ မတ်လ ၂၅ ရက်တွင်လည်းကောင်း၊ ခမရ ၅၆၄ တပ်ရင်းအား ဧပြီလ ၅ ရက်တွင်လည်းကောင်း၊ ခမရ ၅၆၅ တပ်ရင်းအား ဧပြီလ ၂၄ ရက်တွင်လည်းကောင်း၊ စကခ ၁၅ ဘူးသီးတောင် တပ်မဌာနချုပ်အား မေလ ၂ ရက်တွင်လည်းကောင်း၊ ခမရ ၅၅၁ တပ်ရင်းအား မေလ ၃ ရက်တွင်လည်းကောင်း အသီးသီးသိမ်းပိုက်ရရှိထားပြီးဖြစ်သည်” ဟု ဖော်ပြထား သည်။
ယင်းအနက်က ကျန်ရှိနေသည့် စခန်း ၈ ခုကိုလည်း ဆက်လက်သိမ်းပိုက်နိုင်ရေး တပြိုင်နက်တည်း ထိုးစစ် ဆင်တိုက်ခိုက်နေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
AA အနေဖြင့် စကခ ၁၅ တပ်မဌာနချုပ်အား ကာလအတန်ကြာဝန်းရံပိတ်ဆို့ထားခဲ့ပြီး ဧပြီလ နောက်ဆုံးအပတ်တွင် ထိုးစစ်အရှိန်မြှင့်ခဲ့ကာ ၁၂ ရက်ကြာ အပြင်း အထန်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ယင်းအပြင် ခမရ ၅၅၁ နှင့် စကခ ၁၅ တပ်မဌာနချုပ်က ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများအားလည်း လိုက်လံရှင်းလင်းတိုက်ခိုက်လျက်ရှိသည့်အတွက် တိုက် ပွဲများ ဆက်လက်ပြင်းထန်ကာ စစ်ကောင်စီတပ်သားများမှာ ဘူးသီးတောင်မြို့နယ်၊ တန်းရှောက်ခံရွာအတွင်းကနေ ခုခံကာကွယ်မှုများရှိခဲ့သော်လည်း AA ဘက်က ချေမှုန်းတိုက်ခိုက်နိုင်ခဲ့၍ ရန်သူ့ဘက်က ထိခိုက်၊ သေဆုံးမှုများပြားခဲ့ကြောင်း ဖော်ပြထားသည်။
မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ သံတွဲ မြို့များတွင်လည်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး ဘူးသီးတောင် – မောင်တော ကားလမ်းတလျှောက်ရှိ စစ်ကောင်စီစခန်းများဖြစ်ကြသော တာဝါတိုင် စခန်းကုန်း၊ ၆ မိုင်စခန်းကုန်း တို့အပြင် နခခ – ၁ (ကျီးကန်းပြင်)၊ နခခ – ၁၀ (လှဖိုးခေါင်) စခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့သည်။
ထို့အတူ အမ်းမြို့နယ်အတွင်းရှိ တောဟိန်းတောင်ဗျူဟာ ကိုလည်း AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။
****
Telegram – > https://t.me/ThanLwinKhetNews/4533
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9778