ပိတ်မိနေသည့် သံတောင်ကြီးဒေသခံများကို ကယ်ထုတ်နေ
*****
သဇင်
မေ ၄၊၂၀၂၄။
စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်နေသည့်အတွက် ကရင်ပြည်နယ် ၊ သံတောင်ကြီးမြို့နယ် ၊ ပျားစခန်း ကျေးရွာအတွင်းပိတ်မိနေသည့် ဒေသခံများအား ကယ်ထုတ်နေသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူများ ထံက သိရသည်။
ပြီးခဲ့သည့် မေလ ၁ ရက် မနက်ပိုင်းတွင် သံတောင်ကြီးမြို့နယ် ၁၃ မိုင်၌ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူး ပေါင်းတပ်များကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ၁၃ မိုင်စစ်ကောင်စီတပ်စခန်းကနေ ပျားစခန်းကျေးရွာကို လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေခြင်းဖြစ်သည်။
ထိုသို့ နေ့စဥ်နီးပါးပစ်ခတ်နေသည့်အတွက် ပျားစခန်းကျေးရွာဒေသခံများသည် နေအိမ်တွင်မနေရဲတော့ဘဲ ရွာလုံး ကျွတ်နီးပါး တိမ်းရှောင်ထွက်ပြေးနေရပြီး ကျေးရွာအတွင်းကျန်ရှိနေသူများကို ကယ်ထုတ်ပေးနေသည်ဟု လူမှု ကူညီရေးလုပ်ဆောင်နေသူ ၁ ဦးက ပြောသည်။
၎င်းက “စဖြစ်တဲ့နေ့ထဲက နေရပ်စွန့်ခွာလာတဲ့သူတွေကို ရသလောက်ကယ်ထုတ်ထားတယ်။ ပိတ်မိနေလို့ လာခေါ် ပါဦးဆိုပြီး ပြောတယ်။ ပျားစခန်းထိ သွားခေါ်တယ်။ အဓိကတော့ လေဖြတ်တဲ့လူနာတွေ လမ်းမလျှောက်နိုင်တဲ့ လူနာတွေ။ အဓိကကတော့ မပြေးနိုင်မလွှားနိုင်တဲ့လူနာတွေပဲ ကျန်နေတာပေါ့” ဟုဆိုသည်။
လက်ရှိတွင် ပျားစခန်းကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသူများကို လုံခြုံသည့်နေရာတွင် စောင့်ရှောက်ထား သည်ဟု ၎င်းကဆက်ပြောသည်။
စစ်ကောင်စီတပ်ကပစ်ခတ်လိုက်သည့် လက်နက်ကြီးများသည် ပျားစခန်းကျေးရွာရှိနေအိမ်များပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သည့်အတွက် နေအိမ်ပျက်စီးမှုများရှိနေပြီး ဒေသခံထိခိုက်မှုများလည်း ရှိသည်ဟု ဒေသခံအမျိုးသား ၁ ဦးက ဆိုသည်။
၎င်းက “ ၁ ရက်နေ့ကဆိုရင် နေ့ခင်းပိုင်းမှာ ၇ လုံးလောက်ကျတယ်။ ညပိုင်းမှာလည်း ထပ်ပစ်သေးတယ်။ အဲ့ည ကလည်း မိုးတွေသည်းထန်စွာရွာတယ်ဗျာ။ အဲ့ဒီညမှာတင် အိမ် ၄ လုံးလောက်ထိတယ်။ လူတွေလည်း ဒဏ်ရာ ရတယ်။ မနေ့ညကလည်း ကျွန်တော်တို့ရွာနားကရွာတွေကို ထပ်ပစ်သေးတယ်” ဟုဆိုသည်။
စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် သံတောင်မြောက်ပိုင်းရှိ ကျေးရွာပေါင်း ၁၁ ရွာက လူဦးရေ ၃,၀၀၀ နီးပါး နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေသည်ဟု Thandaung Mupoe က ဖော်ပြ ထားသည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်ကလည်း ပျားစခန်းကျေးရွာအကျော် ၁၁ မိုင်ကုန်းရှိ သံတောင်-တောင်ငူ ကားလမ်း ပေါ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ဒေသခံများ၏ပြောပြချက်အရ သိရသည်။
ဓာတ်ပုံ – ပေးပို့။
ပုံစာ – ထွက်ပြေးတိမ်းရှောင်နေရသည့် ပျားစခန်းကျေးရွာက ဒေသခံများ။