တောင်ငူ ကေတုဆေးရုံ ၃လအပိတ်ခံရ
****
သဇင်
မေ ၂ ၊၂၀၂၄။
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်ရှိ ကေတုဆေးရုံအား စစ်ကောင်စီက မေလ ၁ ရက်ကစပြီး ၃ လတိတိပိတ်ပင်လိုက်သည် ဟု ဒေသခံများထံက သိရသည်။
အဆိုပါကေတုဆေးရုံအားပိတ်သိမ်းရန်အတွက် ဧပြီလကုန်ပိုင်းလောက်ကစပြီး လူနာများကို ကြိုတင်ပြောင်းရွှေ့ခိုင်းထားသည်ဟုလည်း သိရသည်။
ကေတုဆေးရုံတွင် CDM ကျန်းမာရေးဝန်ထမ်းများအား အလုပ်ခန့်ထားသည်ဟူသောအကြောင်းပြချက်ဖြင့် ယခုကဲ့သို့ ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသား ၁ ဦးက သံလွင်ခက်ကိုပြောသည်။
၄င်းက “ CDM ဆရာ၊ ဆရာမတွေထားတာက အဓိကပါ။ CDM ထားလို့ဆိုပြီး မပိတ်ချင်ရင် သိန်း ၁,၀၀၀ တောင်းတယ်။ မပေးနိုင်လို့ ၃ လအပိတ်ခံလိုက်ရတယ် ” ဟု ဆိုသည်။
ကေတုဆေးရုံအား ၃ လတိတိပိတ်ပင်လိုက်သည်ဟု ကြေညာထားသော်လည်း လက်ရှိတွင် ကေတုဆေးရုံ၌ ကုသမှုခံယူနေရဆဲလူနာအချို့ကိုတော့ ဆက်လက်ကုသပေးနေသေးသည်ဟု သိရသည်။
တောင်ငူမြို့နယ်ရှိ လူမှုကူညီရေးအသင်းတာဝန်ရှိသူ ၁ ဦးက” လူနာတချို့က ဆေးရုံပြောင်းတာမျိုးရှိတယ်။ တချို့က ဆေးရုံတက်လက်စလူနာတွေကိုတော့ ကုပေးနေသေးတယ်ကြားတယ်။ လူနာအသစ်တွေကိုတော့ ထပ်ပြီးလက်မခံတော့ဘူးပြောတယ်”ဟုဆိုသည်။
ကေတုဆေးရုံသည် ၁၉၉၈ ခုနှစ်ကစတင်ဖွင့်လှစ်ခဲ့သော ပုဂ္ဂလိကပိုင်ဆေးရုံဖြစ်ပြီး ၄ ထပ်အဆောက်အအုံရှိကာ ကုတင် ၁၀၀ ခန့်ဆန့်သည့် ဆေးရုံဖြစ်နိုင်သည်ဟု ဒေသခံများပြောပြချက်အရသိရသည်။
ဓာတ်ပုံ – TSRNC
ပုံစာ – တောင်ငူမြို့ရှိ ကေတုဆေးရုံ။
****
Telegram – > https://t.me/ThanLwinKhetNews/4496
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9695