သံတွဲမြို့အနီး တိုက်ပွဲများဆက်လက်ပြင်းထန်နေပြီး ကုန်ဈေးနှုန်းများမြင့်တက်နေ
******
စကားမောင်
မေ ၁၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီး တိုက်ပွဲများ ဆက်လက်ပြင်းထန် နေသည့်အတွက် မြို့ပေါ်ဒေသခံများ စစ်ဘေးရှောင်ရမည့်အရေးစိုးရိမ်မှုမြင့်တက်နေပြီး စားဝတ်နေရေးကလည်း ကြပ်တည်းနေကြသည်ဟု သံတွဲမြို့ရှိ သတင်းရင်းမြစ်များထံက သိရသည်။
ပြီးခဲ့သောဧပြီလဆန်းပိုင်းကစ၍ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီး ရွှေလှေတိုက်နယ်၊ ဒေါ်မြ၊ ပုရစ်နှင့် ရေကောက်ကျေးရွာများတွင် အာရက္ခတပ်တော် – AA နှင့် စစ်ကောင်စီတပ်များကြားတိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
သံတွဲဒေသခံများအနေဖြင့် အခက်အခဲအမျိုးမျိုးဖြင့်ကြုံနေရသည်ဟု ဒေသခံ ၁ ဦးကပြောသည်။
၎င်းက“ဂိတ်တွေမှာတော့ စားသောက်ကုန်တွေ၊ ဘာတွေတော့ အမြဲတမ်းဖမ်းတယ်။ ဆေးဝါးတွေလည်းခွင့်မပြု ဘူး၊ သိမ်းထားတယ်။ သူတို့ကတော့ တစ်ဖက်ကိုရောက်မယ်ဆိုတဲ့အကြောင်းပြချက်နဲ့ တပ်ကသိမ်းထားတယ်”ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ဆန်ကြမ်း ၁ ပြည်လျှင် ၅,၇၀၀ ကျပ်နှင့် ပဲဆီ ၅၀ သားလျှင် ၉,၀၀၀ ကျပ်အထိ ဈေးနှုန်းများ မြင့်တက်နေပြီး စစ်ကောင်စီက စားနပ်ရိက္ခာနှင့် ဆေးဝါးများသယ်ယူခွင့်ကို အလွန်အမင်း ကန့်သတ်ထားခြင်း ကြောင့် ပို၍ခက်ခဲနေကြသည်ဟု သိရသည်။
ထိတွေ့တိုက်ပွဲများကြောင့် သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းဝန်ထမ်းများနှင့် ဒေသခံ ၁,၅၀၀ အထက်သည် သံတွဲမြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်နေရပြီး မြို့ပေါ်ဘုန်းကြီးကျောင်းများတွင် ပြောင်းရွှေ့နေထိုင်ကြရသည်ဟု ဒေသခံများကဆိုသည်။
“အခုလက်ရှိလည်းရနိုင်သလောက် အကုန်သယ်ပြီးပြောင်းနေကြတာ။ မနေ့က သတင်းရတာဆိုရင် မနေ့ညက စပြေးရင်ပြေး မပြေးရင် ဒီနေ့ပစ်မယ်၊ တိုက်ပွဲဖြစ်မယ်ဆိုပြီး ကြားတာ” ဟု ဒေသခံ ၁ ဦးက ပြောသည်။
စစ်ဘေးရှောင်ရမည့် အခြေအနေနှင့်ပတ်သက်ပြီး ၎င်းက “အဓိကကတော့ ဘယ်သူ့ကိုမှ မပြောချင်တော့ပါဘူး။ တကယ်လို့ဖြစ်လာခဲ့ရင် သံတွဲမြို့ပေါ်ရှောင်ရအောင်လည်း နယ်မြေက ဆုံးနေပြီ။ ဘယ်ဘက်ရှောင်ရှောင် ပင်လယ်ပဲရှိတယ်။ ပြေးစရာလမ်းက တစ်ပေါက်ပဲရှိတော့တယ်။ အဲ့ဂိတ်က မဖြတ်ခိုင်းရင်တာ့ မြို့သူ မြို့သားတွေ တော်တော်ဒုက္ခကျမယ်”ဟု ဆက်လက်ပြောဆိုသည်။
နောက်ဆုံးသိရှိရသောအချက်အလက်များအရ ယနေ့ နံနက်ကနေ နေ့လယ် ၁၂ နာရီခန့်အထိ စစ်ကောင်စီ တပ်မတော်(ရေ)- Navy ရှိရာဘက်ကနေ လက်နက်ကြီးဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့သည်ဟု သိရသည်။
သံတွဲမြို့ ရွှေလှေတံတားတွင်လည်း စစ်ကောင်စီတပ်သားများ နေရာယူထားပြီး သေနတ်များ၊ ဓားများကိုင်ဆောင်ထားသည့်အပြင် မူးယစ်နေကြသည်ဟု မျက်မြင်တွေ့ရှိသူ ၁ ဦးကပြောသည်။
ရခိုင်ပြည်နယ်၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး ဒေသခံ ၁ ဦးက “နှစ်ဖက်ကိုပြောချင်တာက ကြိုးဝိုင်းပေါ်မှာ တိုက်ခိုက်ကြပါ”ဟု ဆိုသည်။
လက်ရှိတွင် တိုက်ပွဲဖြစ်ပွားရာကျေးရွာများနှင့် အနီးဝန်းကျင်တွင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ မရရှိသောကြောင့် ဒေသခံများနှင့် ဆက်သွယ်ရန်ခက်ခဲလျက်ရှိသည်။
အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ချအညံ့မခံသေးသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမ်းဌာနချုပ်၊ ဘူးသီးတောင်၊ စစ်ဆင်ရေးကွပ်ကဲမှု ၁၅ ဌာနချုပ်နှင့် တောင်ကုတ်၊ စစ်ဆင်ရေးကွပ်ကဲမှု ၅ အပါအဝင် လက်ကျန်စခန်းတိုင်းကို တစ်ခုမကျန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု အာရက္ခတပ်တော်က ဧပြီ ၁၂ ရက်က ထုတ်ပြန်ထားသည်။