ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းကိုသိမ်းပိုက်
*****
ထွယ်
မေ ၁၊ ၂၀၂၄။
ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ရှိ စစ်ကောင်စီတပ်စခန်းကို ၄ လကြာ တိုက်ခိုက်ပြီးနောက် ဧပြီလ ၂၉ ရက်တွင် စခန်းသိမ်းပိုက်နိုင်ခဲ့သည်ဟု ချင်းညီနောင်အဖွဲ့က ယနေ့နံနက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ချင်းညီနောင်၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ချင်းညီနောင်အဖွဲ့ဆိုသည်မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက်၊ ချင်းအမျိုးသားကောင်စီ – မင်းတပ်နှင့် ချင်းအမျိုးသားအဖွဲ့ချုပ် – CNO/ CNDF အပါအဝင် ဇိုမီးဖက်ဒရယ်အစည်းအရုံး – ZFU၊ မရာနယ်မြေအုပ်ချုပ်ရေး ကောင်စီ – MTC/ MDF နှင့် ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – မတူပီ၏ တပ်မဟာ – ၁ အစုအဖွဲ့တို့ဖြင့် စုဖွဲ့ထားသည့် အဖွဲ့ဖြစ်သည်။
ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကို ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ – ကန်ပက်လက်က ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၂ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီး ယခုနှစ် မတ်လ ၇ ရက်က ချင်းညီနောင်စစ်ဆင်ရေး (CB Operation) အဖြစ် ပြောင်းလဲသတ်မှတ်ကာ ချင်းညီနောင်အဖွဲ့ဝင်များနှင့် PDF အဖွဲ့ဝင်များအပါအဝင် အာရက္ခတပ်တော် – AA တို့လည်း ပူးပေါင်းပြီး စစ်ဆေးအရှိန်မြှင့်တင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
ထို့ပြင် ကျင်ဒွေးမြို့သိမ်းတိုက်ပွဲအတွင်းပါဝင်ခဲ့ကြသည့် ရဲဘော်များအပါအဝင် အသက်နှင့် ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့သည့်ရဲဘော်များကိုလည်း လေးနက်စွာ လေးစားအသိအမှတ်ပြုသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားစဉ် ၄ လအတွင်း ကျင်ဒွေးမြို့နှင့် အနီးကျေးရွာများကို လေကြောင်းဖြင့် ပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ပြီး ၎င်းတို့စခန်းမကျရှုံးရေးအတွက် မြေပြင်စစ်ကြောင်းဖြင့်သာမက လေကြောင်းများဖြင့်လည်း အင်အားဖြည့်တင်းခဲ့သည်။
ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်တွင် စစ်ရှောင်ပြည်သူလူဦးရေ ၆,၀၀၀ ကျော်ခန့်ရှိပြီး ကျင်ဒွေးမြို့နှင့် အနီးဝန်းကျင်က ဒေသခံ ၂,၅၀၀ ကျော်သည်လည်း ကျင်ဒွေးမြို့တွင် တိုက်ပွဲပြင်းထန်နေသဖြင့် တိုက်ပွဲတိမ်းရှောင်နေသည်မှာ ၄ လခန့်ရှိပြီဟု ကန်ပက်လက်မြို့နယ်၏ လူသားစာနာတွဲဖက်တာဝန်ခံ ကိုဂျက်ကီထံက သိရသည်။
ကျင်ဒွေးမြို့သည် ကန်ပက်လက်မြို့နယ်တွင်ပါဝင်ပြီး ကန်ပက်လက်မြို့နယ်သည် မင်းတပ်ခရိုင်တွင်တည်ရှိ၍ ၎င်းမြို့နယ်၏ အရှေ့တွင် မကွေးတိုင်း၊ ဆောမြို့နှင့်ထိစပ်နေသည်။
ပုံစာ – ကျင်ဒွေးတိုက်ပွဲတွင် သိမ်းဆည်းရမိသည့်လက်နက်များ။
****
Telegram – > https://t.me/ThanLwinKhetNews/4494
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9687