KIO ထိန်းချုပ်နယ်မြေတွင်ဖြေဆိုသည့် ၁၀ တန်းစာမေးပွဲ ၆၀ ရာခိုင်နှုန်းကျော်အောင်မြင်
********
ထွယ်
မတ် ၁၊ ၂၀၂၄။
ယခုနှစ် မတ်လတိုက်ပွဲများအကြား ၁၀ တန်းစာမေးပွဲဖြေဆိုခဲ့သည့် KIO ထိန်းချုပ်နယ်မြေက ကျောင်းသူ၊ ကျောင်းသားများ၏ အောင်ချက်က ၆၀ ရာခိုင်နှုန်းကျော် ရှိသည်ဟု ပညာရေးဝန်ကြီးဌာနထံက သိရသည်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO/ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် ကျင်းပခဲ့သည့် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက်တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃,၁၂၆ ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ၁,၈၉၃ ဦး အောင်မြင်မှုရရှိကာ အောင်ချက် ၆၀ ရာခိုင်နှုန်းကျော်ရှိသည်ဟု သိရသည်။
တက္ကသိုလ်ဝင်တန်းအောင်မြင်သည့် ကျောင်းသူ၊ ကျောင်းသားများတွင် ၁ ဘာသာ ဂုဏ်ထူးရှင် ၁၀၅ ဦး၊ ၂ ဘာ သာ ဂုဏ်ထူးရှင် ၄၅ ဦး၊ ၃ ဘာသာ ဂုဏ်ထူးရှင် ၆ ဦး အပါအဝင် ၄ ဘာသာ ဂုဏ်ထူးရှင် ၇ ဦးနှင့် ၅ ဘာသာ ဂုဏ်ထူးရှင် ၁ ဦး ပါဝင်သည်။
ကချင်ပြည်နယ်ရှိ စစ်ကောင်စီတပ်စခန်း၊ တပ်ရင်းများကို ကချင်လွတ်လပ်ရေးတပ်မတော် – KIA နှင့်ပူးပေါင်း တပ်က ယခုနှစ် မတ်လ ၇ ရက်၌ တစ်ပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး လိုင်ဇာမြို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုသည့် ကျောင်းသူ၊ ကျောင်းသားများမှာ ယခုနှစ် မတ်လ ၅ ရက်ကနေ ၁၂ ရက်အထိ တိုက်ပွဲများနှင့် သေနတ်သံများအကြား စာမေးပွဲဖြေဆိုခဲ့ကြရသည်။
လိုင်ဇာတွင် ပညာသင်ကြားနေသည့် ကျောင်းသူ၊ ကျောင်းသားများသည် မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ၊ ဘောဂဗေဒ၊ ပထဝီ၊ သမိုင်း စသည့် ဘာသာရပ်များအပြင် မိခင်ဘာသာဖြစ်သည့် ကချင် ဘာသာရပ်ကိုလည်းသင်ကြားဖြေဆိုကြရသည်။
၂၀၂၁ ခုနှစ်တွင် KIO ထိန်းချုပ်နယ်မြေများတွင် ၁၀ တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသူ၊ ကျောင်းသားဦးရေ ၈၀၀ ကျော်သာရှိခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ ဖြေဆိုသူဦးရေ ၄ ဆ ခန့် ပိုများလာသည်ကို တွေ့ရှိရ သည်။
လိုင်ဇာမြို့တွင်ကျင်းပခဲ့သည့် ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂,၇၃၄ ဦး ဝင်ရောက်ဖြေဆိုပြီး ၁,၄၃၇ ဦး အောင်မြင်မှုရရှိကာ အောင်ချက် ၅၂ ရာခိုင်နှုန်းကျော် ရှိခဲ့သည်။
KIO/ KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့တွင် ၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်အတွက် ယခုနှစ်မေလ ၂၅ ရက်ကနေ စတင်အမည်စာရင်းလက်ခံသွားမည်ဟုလည်း သိရသည်။
ပုံ – Gunmaw Sumlut (ပုံဟောင်း)
****
Telegram – > https://t.me/ThanLwinKhetNews/4492
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9683