ရန်ကုန် – မန္တလေးလမ်းဟောင်း ကညွတ်ကွင်းရှိ တံတား
၁ စင်းကျိုးကျ
******
သံလွင်ခက်
မေ ၁၊ ၂၀၂၄။
ပဲခူးတိုင်း၊ ဖြူးမြို့နယ် ရန်ကုန် – မန္တလေးလမ်းဟောင်း ကညွတ်ကွင်းမြို့ရှိ တံတား ၁ စင်း ယနေ့ နံနက်အစောပိုင်းကကျိုးကျခဲ့သည်ဟု ဒေသခံများထံကသိရသည်။
တံတားကျိုးကျပြီးနောက် ရန်ကုန် – မန္တလေးလမ်းဟောင်းမှသွားလာနေသည့်ကားများအား ရန်ကုန် – မန္တလေးအမြန်လမ်းမှ တဆင့် သွားရောက်ခွင့်ပြုထားသည်ဟု ယာဉ်မောင်းများထံက သိရသည်။
ရန်ကုန်မှ မန္တလေးသို့ ကုန်စည်ပြေးဆွဲနေသည့် ယာဉ် မောင်း ၁ ဦးက ” ကညွတ်ကွင်းမြောက်ဘက်မြောက်ဂုံးတဲနားက တံတားကျိုးတာပါ။ ဒီနေ့ မနက် ၁ နာရီလောက်မှာ မိုင်းခွဲလို့ကျိုးသွားတယ်ပြောတယ်။ အခုလမ်းဟောင်းက ကားတွေကိုတော့ ၉၉ မိုင် ၄ ဖာလုံ သရက်စိန်ကနေ ပေးသွားနေတယ် ” ဟုဆိုသည်။
တံတားမိုင်းခွဲခံရသည့်ဖြစ်စဉ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိ သေးပေ။
ယခုနှစ် ဇန်နဝါရီ ၄ ရက်တွင်လည်း ကညွတ်ကွင်းမြို့တောင်ဘက်အထွက် ရန်ကုန် – မန္တလေး လမ်းဟောင်းပေါ်ရှိ ကွန်းချောင်းတံတားမိုင်းခွဲခံခဲ့ရသည်။
ယင်းအပြင် ဧပြီ ၂၆ ရက်တွင်လည်း ကညွတ်ကွင်းမြို့အနီးရှိ တောကျွဲအင်းမြို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကာကွယ်ရေးတပ်ဖွဲ့ဝင်များကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။
ထိတွေ့တိုက်ပွဲများဖြစ်ပွားရာနေရာများသို့ ပဲနွယ်ကုန်းမြို့၊ ရွှေဝါကျေးရွာအခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၃၀၇ တပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့သည်။
လက်နက်ကြီးထိမှန်မှုကြောင့် တောကျွဲအင်းမြို့၊အောင်ဇေယျကျေးရွာက ဒေသခံ ၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံကသိရသည်။
ပုံစာ – ဇန်နဝါရီ ၄ ရက်တွင်ကျိုးကျခဲ့သည့် ကညွတ်ကွင်းမြို့တောင်ဘက်အထွက် ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်ရှိ ကွန်းချောင်းတံတား။ ( ပုံ – အဟောင်း )
****
Telegram – > https://t.me/ThanLwinKhetNews/4489
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9674