ဆီဆိုင်ရှိ ဝိန်းလုံကျေးရွာဒေသခံများတိမ်းရှောင်နေရ
*********
ယမင်းဖူးပွင့်အောင်
ဧပြီ ၃၀၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ဝိန်းလုံကျေးရွာတွင် စစ်ကောင်စီ၏ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူများထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။
ယမန်နေ့ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီက ဝိန်းလုံကျေးရွာကို လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ကျေးရွာအတွင်းရှိဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် – PNLA က ထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့နှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့သည် ဝိန်းလုံကျေးရွာကို ဒရုန်းဖြင့် ၄ ကြိမ်၊ လက်နက်ကြီးဖြင့် ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဝိန်းလုံကျေးရွာပတ်ဝန်းကျင်ကိုလည်း ဒရုန်းဖြင့် ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
ဝိန်းလုံကျေးရွာသည် အိမ်ခြေ ၁၀၀ ကျော်ရှိပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိဒေသခံများ ကြောက်ရွံ့ထိတ်လန့်၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLA ကဆိုသည်။
ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဆီဆိုင်မြို့နယ် နမ့်တောင်းကျေးရွာအနီးရှိ တောင်ယာကို လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တောင်ယာရှိ ကလေးငယ် ၂ ဦးအပါအဝင် မိသားစုဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။
ဓာတ်ပုံ – PNLA
****
Telegram – > https://t.me/ThanLwinKhetNews/4488
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=9671