ရွှေကျင် စစ်ရှောင်များရှိသည့် ဘုန်းကြီးကျောင်း လေကြောင်း တိုက်ခိုက်ခံရ၊ ပြည်သူ သေဆုံးဒဏ်ရာရမှုများ ရှိ
**********
သံလွင်ခက်။
ဧပြီ ၂၃၊ ၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၃ နယ်မြေဖြစ်သည့် ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် စစ်ရှောင်များ နေထိုင်သော ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီး ကိုးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီတပ်သည် ရွှေကျင်မြို့နယ်အတွင်းရှိ ပဒဲကော၊ ဘုရားကြီးနှင့် ဘောကထာရွာများကို ဧပြီ ၂၂ ရက်ကစပြီး ယနေ့အထိ နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
ယခုတစ်ကြိမ်တွင်တော့ စစ်ရှောင်ပြည်သူများ နေထိုင်သည့် ဘုရားကြီးကျေးရွာရှိ ဘုန်းကြီးကျောင်း ဓမ္မာရုံအား စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ သေဆုံးဒဏ်ရာရရှိမှုများ ရှိခဲ့ခြင်းဖြစ်သည်ဟု KNU ညောင်လေးပင်ခရိုင် ပြောရေးဆိုခွင့်ရှိသူ ပဒိုစောဟဲဂေက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၎င်းက “အဲဒီနေ့က ရွာသားတွေကနေပြီးတော့ လေယာဉ်လာတယ်ဆိုပြီးတော့ သူတို့ စိုးရိမ်တယ်။ စိုးရိမ်တဲ့အပေါ်မှာ ဘုန်းကြီးကျောင်းဓမ္မာရုံမှာ သွားနေကြတာပေါ့။ အဲဒီမှာ သွားနေကြတယ်။ သွားနေတဲ့အပေါ်မှာ လေယာဉ်က လာပြီးတော့ ဘုန်းကြီးကျောင်းဓမ္မာရုံတည့်တည့်ကို လာပစ်တော့ သွားပြီးတော့ စစ်ရှောင်နေတဲ့ ပြည်သူတွေ ထိခိုက်မှုတွေ ရှိခဲ့တာပေါ့“ ဟုဆိုသည်။
ဧပြီလ ၂၂ ရက်တွင် ရွှေကျင်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ဘောကထာ၊ တုံတံတားတပ်စခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု စစ်ရေးနီးစပ်သူများထံမှ သိရသည်။
ထို့နောက် စစ်ကောင်စီတပ်က ပဒဲကော၊ ဘုရားကြီးနှင့် ဘောကထာ စသည့်ရွာအနီးတစ်ဝိုက်ကို နှစ်ရက်အတွင်း လေကြောင်းဖြင့် ၁၀ ကြိမ်ကျော် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ထိုကဲ့သို့ စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည့်အပြင် ညောင်လေးပင်မြို့နယ်၊ ပိန်းခလုတ်အခြေစိုက် ခလရ ၂၆၄ တပ်ကလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
(စိတ်မချမ်းမြေ့ဖွယ်ရာ ဓာတ်ပုံများ ပါဝင်သည့်အတွက် တယ်လီဂရမ် ချန်နယ်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်)
ပုံစာ – စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရသည့် ဓမ္မာရုံ။