၃ လအတွင်း ပအိုဝ်းဒေသ၌ ကလေးငယ် ၁၀ ဦး အပါအဝင် ပြည်သူ ၆၆ ဦးသေဆုံး
************
ယမင်းဖူးပွင့်အောင်
ဧပြီ ၂၃၊ ၂၀၂၄။
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသများတွင် ၃ လ( ၉၁ ရက်) အတွင်း စစ်ကောင်စီတပ်က ၄၆၂ ကြိမ်နှင့်အထက် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၆၆ ဦး သေဆုံးခဲ့သည်ဟု ပအိုဝ်းအဖွဲ့အစည်းများထံက သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် ကနေ ဧပြီ ၂၀ ရက်အထိ ၃ လအတွင်း လက်နက်ကြီးထိမှန်မှုကြောင့် ၁၈ ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၆ ဦး၊ အဖမ်းခံရပြီး သေဆုံးသူ ၁၆ ဦးအပြင် အခြားအကြောင်းကြောင့် သေဆုံးသူ ၁၆ ဦး စုစုပေါင်း အရပ်သားပြည်သူ ၆၆ဦး သေဆုံးခဲ့ရသည်ဟု Pa-O Youth Organization – PYO က ယမန်နေ့တွင် ထုတ်ပြန်သည်။
တိုက်ပွဲဖြစ်ပွားသည့် ၁၃ ပတ်တာကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၀ နှစ်အောက် ကလေးငယ် ၁၀ ဦးနှင့် အသက် ၁၅ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံးခဲ့ရသည်။
အဆိုပါ အသက် ၁၀ နှစ်အောက် ကလေးငယ် ၁၀ ဦးအနက်က ၃ ဦးသည် လိုအပ်သောကျန်းမာရေးစောင့် ရှောက်မှုများ လက်လှမ်းမမီခဲ့သောကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
ထို့ပြင် ရက်ပေါင်း ၉၁ ရက်တာကာလအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၄၆၂ ကြိမ်နှင့်အထက်၊ လက်နက်ကြီးပစ်ခတ်မှု ၂,၉၂၉ ကြိမ်နှင့်အထက် ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ၇၉ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PYO ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။
နှစ်ဖက်ထိတွေ့တိုက်ပွဲများနှင့် စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဆီဆိုင်၊ ညောင်ရွှေ၊ ဟိုပုံး၊ ပင် လောင်းစသည့် ပအိုဝ်းဒေသများက ဒေသခံပြည်သူ ၇၁,၁၅၀ ဦးနှင့်အထက် နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရပြီး အဆောက်အအုံပေါင်း ၆၀၆ လုံး ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။
ဓာတ်ပုံ – PNLA
ပုံစာ – စစ်ကောင်စီ၏ ပစ်ခတ်မှုကြောင့် ပျက်စီးနေသည့် ဆီဆိုင်မြို့ရှိ အဆောက်အအုံများမြင်ကွင်း။