ပူးပေါင်းတပ်ဖွဲ့များ သိမ်းပိုက်ထားနိုင်သည့် ခလရ ၂၇၅ တွင် တပ်မ ၄၄ ဘက်တံဆိပ်ဖြင့်စစ်သားများ အလံလွှင်ထူသည့် ရုပ်သံထွက်ပေါ်
နန်းဆုပန်ခန့်
ဧပြီ ၂၃၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အထွက် ပူးပေါင်းတပ်များသိမ်းပိုက်ထားနိုင်သည့် ခြေလျင်တပ်ရင်း ခလရ – ၂၇၅ ကို တပ်မ ၄၄ ဘက်တံဆိပ်တပ်ဆင်ထားသော စစ်သားတချို့ မြန်မာနိုင်ငံတော်အလံကို လွှင့်ထူနေကြောင်း စစ်တပ်ဝါဒဖြန့် အွန်လိုင်းပလက်ဖောင်းများတွင် ယနေ့မြင်တွေ့နေရသည်။
စစ်တပ်လော်ဘီများ ရေးသားထားသောစာများတွင်လည်း “ မြဝတီမြို့က ခလရ – ၂၇၅ ကို ရွှေဘတို့ ပြန်လည်သိမ်းပိုက်၊ နိုင်ငံတော်အလံ ပြန်လည်လွှင့်ထူ။ ခလရ – ၂၇၅ မှာ နိုင်ငံတော်အလံပြန်လွှင့်တင်ပေးခဲ့တဲ့ BGF+ ရွှေဘ ” စသည့်စာများဖြင့် ရေးတင်ထားသည်ကို တွေ့မြင်ရသည်။
သံလွင်ခက်၏ သီးခြားအတည်ပြုမှုတွင် ခလရ – ၂၇၅ အနီးတဝိုက်တွင် စစ်ကောင်စီတပ်သားများ အထိုင်ချထားခြင်းမရှိပဲ ကရင်အမျိုးသားတပ်မတော် – KNA ဟု နာမည်ပြောင်းထားသော ကရင်နယ်ခြားစောင့်တပ် – BGF တပ်ဖွဲ့ဝင်များသာ ရှိသည်။
“မနက်ကတည်းက အဲဒီအနီးတဝိုက်မှာ BGF တွေအများကြီး တွေ့တယ်။ ၂၇၅ ကို မြို့ထဲကနေ အတက်မှာ အရင်က သံဆူးကြိုးတွေချထားတာ ခုတော့ ဖွင့်ထားတာတွေ့ရတယ်”ဟု ခလရ ၂၇၅ အနီးရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ ၂၇၅ တပ်ရင်းအကြောင်းအရာနှင့် ပတ်သက်၍ သံလွင်ခက်အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များထံ ဆက်သွယ်မေးမြန်းရန် ကြိုးစားနေဆဲဖြစ်သည်။
ခလရ – ၂၇၅ ကို ပူးပေါင်းတပ်ဘက်မှ ဧပြီလ ၁၂ ရက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက် တပ်မ ၄၄ လက်အောက်လံ ၂၇၅ တပ်သား ၂၀၀ နီးပါး အမှတ် ၂ တံတား သို့ ထွက်ပြေးတိမ်းရှောင်ခဲ့သည်။
“၂၇၅ ကို ပြန်ရဖို့အတွက် တပ်မ ၄၄ နဲ့ ဒေသခံတပ်တွေနဲ့ BGF တပ်နယ် ၃ က အဓိကပါဝင်ခဲ့တယ် “ဟု စစ်ကောင်စီအတွက် ဝါဒဖြန့်လုပ်ဆောင်နေသူများကို ပြောဆိုနေကြသည်။
တပ်နယ် ၃ ဆိုသည်မှာ ကရင်နယ်ခြားစောင့်တပ်(BGF)၏ အကြီးအကဲ ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်နေသော တပ်နယ်တစ်ခုဖြစ်သည်။
လက်ရှိ ၂၇၅ ဖြစ်စဉ်တွင် မည်သည့်အဖွဲ့များက တိုက်ခိုက်ခဲ့သည်ကို သံလွင်ခက်အနေဖြင့် အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
Photo – စစ်ကောင်စီဝါဒဖြန့်ချန်နယ်များတွင် တွေ့မြင်ရသော ခလရ ၂၇၅