စစ်တွေတွင် ပိတ်မိနေသည့်ပြည်သူများ ထွက်ပြေးလာစဥ် မိုင်းနင်းမိ၍ ၃ ဦးသေဆုံး
*********
စစ်တွေတွင် ပိတ်မိနေသည့်ပြည်သူများ စစ်ရှောင်ရန် ခိုးထွက်ခွာစဥ် စစ်ကောင်စီထောင်ထားသည့် မိုင်းများကို နင်းမိကာ ၃ ဦးသေဆုံးခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်က ပြောဆိုသည်။
ပြည်သူ ၄ ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကာ ၃၀ ဦးထက်မနည်း စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သတင်းရင်းမြစ်များ၏ပြောပြချက်အရ သိရသည်။
စစ်တွေမြို့နှင့် မြို့အနီးဝန်းကျင်ရွာများတွင် စစ်ကောင်စီက ကြည်း၊ ရေ၊ ကင်းဂိတ်အတန်တန်ချထားကာ စစ်တွေမြို့တွင်းရှိ ပြည်သူများအား ထွက်ခွာခွင့်မပြုသဖြင့် ဒေသခံပြည်သူများ ပိတ်မိလျက်ရှိသည်။
ယမန်နေ့ဧပြီလ ၂၁ ရက် နံနက် ၃ နာရီအချိန်တွင် ပြည်သူ ၁၃၀ ကျော်သည် စစ်တွေမြို့မှထွက်ခွာလာရာ ဂန့်ဂေါ်ကျွန်းရွာအရောက်တွင် စစ်ကောင်စီရေတပ်က လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် လှမ်းပစ်ခဲ့သဖြင့် စစ်ရှောင် ပြည်သူများ ကြောက်လှန့်ထွက်ပြေးခဲ့ကြသည်။
ထိုသို့ထွက်ပြေးရာတွင် စစ်ကောင်စီထောင်ထားသည့် မိုင်းနင်းမိ၍ ကျောက်တော်မြို့နယ်၊ စပါးဆိပ်ရွာနေ အသက် ၇၁ နှစ်အရွယ် ဒေါ်လှသိန်း၊ ပေါက်တောမြို့ နယ်၊ ငရီချိုင်ရွာနေ အသက် ၄၅ နှစ် အရွယ် ဦးမဲလုံးချေနှင့် အခြားအမည်မသိ အမျိုး သား ၁ ဦးတို့ နေရာတွင်ပင်ပွဲချင်းပြီးသေဆုံးခဲ့သည်။
၎င်းအပြင် ကံ့ကော်ကျွန်းရွာဘက်ကမ်း၌ မိုင်းနင်းမိ၍ သေဆုံးသည့် အလောင်း ၂ လောင်း၊ ဒဏ်ရာရရှိသူ ၂ ဦးအပါအဝင် စစ်ရှောင် ၃၀ ကျော်ကျန်ရစ်ခဲ့သည်။ ဒဏ်ရာရရှိသူ ၂ ဦးနှင့် သေဆုံးရုပ်အလောင်း ၁ လောင်းအပါအဝင် ပြည်သူ ၁၀၀ ဝန်းကျင်မှာ ဝါဘိုရွာဘက်ကမ်းသို့ စက်လှေဖြင့် ကူးနိုင်ခဲ့ သည်ဟု သတင်းရင်းမြစ်ကပြောသည်။
၎င်းက “သေဆုံးသွားတဲ့အလောင်း ၂ လောင်းက ယူလို့မရဖြစ်နေတယ်။ စစ်တပ်နဲ့လည်း နီးကပ်နေတာဆိုတော့ ဘယ်သူမှ မယူရဲဘူး” ဟုဆိုသည်။
ဒဏ်ရာရရှိသွားသူများမှာ စစ်တွေမြို့နယ် ကျေးတောရွာနေအသက် ၃၄ နှစ်အရွယ် မောင်သိန်းဝင်း၊ အသက် ၃၆ နှစ်အရွယ် သန်းနိုင်ချေ၊ အသက် ၄၅ နှစ်အရွယ် ကျော်လှသိန်းနှင့် အသက် ၂၁နှစ်အရွယ် ကိုထွန်းအေးတို့ဖြစ်ပြီး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။
ကံ့ကော်ကျွန်းရွာဘက်ကမ်းတွင် ကျန်ရစ်နေခဲ့သည့် စစ်ရှောင်ပြည်သူ ၃၀ ဦးကျော်ကို စစ်တွေမြို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်သို့ စစ်ကားဖြင့် ဖမ်းခေါ်သွားသည်ဟု သိရသည်။
စစ်တွေမြို့ရှိ ပြည်သူများကို စစ်ကောင်စီတပ်က ပိတ်ဆို့ထားသည့်အတွက် မြို့တွင်းရှိပြည်သူများ ထွက်ပေါက်ပိတ်၍ ဓားစာခံ ဖြစ်နေကြရသည်။
စစ်တွေမြို့နှင့်အနီးဆုံးတွင် ပေါက်တောမြို့နှင့် ပုဏ္ဏားကျွန်းမြို့ရှိသော်လည်း ပေါက်တောမြို့ကိုသွားရန် ကုလားတန်မြစ်ကို ဖြတ်ကူးရမည်ဖြစ်ပြီး စမြို့အနီးမြစ်အတွင်း၌ စစ်ကောင်စီ၏ ရေတပ်က အချိန်ပြည့် ကင်းချစောင့်ကြည့်လျက်ရှိပြီး ပုဏ္ဏားကျွန်းမြို့သို့သွားရန်မှာလည်း ကုန်းလမ်း ရေလမ်းများတွင် စစ်ကောင်စီက အစောင့်ဂိတ်များ အထပ်ထပ်ချထားသည်။
စစ်တွေမြို့တွင်းရှိ ပြည်သူများစွာတို့သည် စစ်ကောင်စီ၏ ဓားစာခံပြုလုပ်ခံထားရသည့်အပြင် ဆန်ရိက္ခာပြတ်တောက်မှု၊ ဆေးဝါးပြတ်တောက်မှုများနှင့် ကြုံတွေ့နေရပြီး အင်တာနက်၊ ဖုန်းလိုင်းဆက်သွယ်မှုများလည်း ဖြတ်တောက်ခံထားရသည်ဟု ဒေသခံသတင်းရင်းမြစ်များက ပြောသည်။
ဓါတ်ပုံ – မိုင်းနင်းမိကာ သေဆုံးခဲ့ရသော ဒေသခံတစ်ဦး(CJ)