အကျဉ်းသား ၃၀၀၀ ကျော် ယနေ့ လွတ်မြောက်မည်
********************
ဧပြီ ၁၇၊ ၂၀၂၄။
သံလွင်ခက်
စစ်ကောင်စီအနေဖြင့် ယနေ့ကျရောက်သည့် နှစ်ဆန်းတစ်ရက်နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသူ/အကျဉ်းသား ၃၃၀၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်ဟု ကြေညာထားသည်။
ထိုအထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထိပ်ပိုင်းခေါင်းဆောင်အချို့ ပါဝင်နိုင်သည်ဟု ထုတ်ဖော်ပြောဆိုထားခြင်းများ ရှိသော်လည်း လက်ရှိအချိန်အထိ အတည်မပြုနိုင်သေးပေ။
ယနေ့ လွတ်မြောက်မည့် အကျဉ်းသား ၃၀၀၀ ကျော်ကိုရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုမည်ဖြစ်သည်ဟု ထုတ်ပြန်ခြင်းဖြစ်သည်။
ထို့အပြင် နိုင်ငံခြားသား ၈ဦးကိုလည်း နိုင်ငံအချင်းချင်းမိတ်ဝတ်မပျက်ရေးကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်သည်ဟုဆိုထားသည်။
စစ်ကောင်စီ၏ စွပ်စွဲချက် ပုဒ်မများဖြင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း ရာသီဥတု အပူရှိန်ပြင်းမှုကြောင့် ကျန်းမာရေးအရ ဘေးကင်းမည့်နေရာသို့ ရွှေ့ပြောင်းပေးထားသည်ဟု စစ်ကောင်စီ ပြောခွင့်ရက VOA နှင့် BBC သတင်းဌာနတို့ကိုလည်း အတည်ပြုထားသည်။
ပုံစာ- ၂၀၂၂ ဖေဖော်ဝါရီ ၁၂ရက်နေ့က အင်းစိန်ထောင်ရှေ့တွင် လွတ်မြောက်လာသူများကို စောင့်ဆိုင်းနေကြသည့်မြင်ကွင်း (သံလွင်ခက်)