စစ်ကိုင်းတိုင်းနဲ့မကွေးတိုင်းကို ဦးစားပေး အာရုံစိုက်ဖို့ NUG ကို ကလလတ တိုက်တွန်း
ဧပြီ ၁၇၊၂၀၂၄။
သံလွင်ခက်
အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) အနေနဲ့ မြေပြင်အနေအထားရ ရန်သူပတ်လည်ဝိုင်းနေပြီး စစ်ရေးစစ်ရာ စိန်ခေါ်မှုပိုများတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းကို ထိုက်သင့်တဲ့ ဦးစားပေးမှုနဲ့ အာရုံစိုက်မှု ပြုလုပ်စေလိုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်းခြင်း သုံးနှစ်ပြည့် အခမ်းအနားကိုပေးပို့တဲ့ သဝဏ်လွှာမှာ ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ကတိုက်တွန်းလိုက်ပါတယ်။
ယမန်နေ့ ဧပြီလ ၁၆ရက်နေ့က NUG ကိုပေးပို့တဲ့ သဝဏ်လွှာမှာ အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။
မြေအနေအထားရ ရန်သူပတ်လည်ဝိုင်းနေပြီး ရိက္ခာဆေးဝါး၊ လက်နက်ခဲယမ်း၊ဆုတ်လမ်း တက်လမ်း စတဲ့နှိုင်းယှဥ်ချက်တွေအရ စစ်ရေးစစ်ရာ ကိစ္စတွေမှာ စိန်ခေါ်မှုပိုများတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း စစ်ဒေသ ကိုပိုမို ဦးစားပေး အာရုံစိုက်ဖို့ NUG ကို ကလလတ ကတိုက်တွန်းလိုက်တာဖြစ်ပါတယ်။
အဆိုပါ စစ်ရေးစစ်ရာ ကိစ္စတွေမှာ စိန်ခေါ်မှုများပြားတဲ့ စစ်ကိုင်း၊မကွေး စတဲ့စစ်ဒေသက တိုက်ဖော်တိုက်ဖက်တွေအတွက်လဲ စိုးရိမ်မကင်း ဖြစ်ရတယ်လို့ အဲဒီထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ဟာ ပြည်ထောင်စုလွတ်တော် ကိုယ်စားပြု ကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) အပါအဝင် စစ်ကောင်စီကို ဦးတည်တိုက်ခိုက်နေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ တိုက်ဖော်တိုက်ဖက် ရဲဘော်ရဲဘက်များသဖွယ် အပြန်အလှန် ဖေးမကူညီပြီး စစ်အာဏာရှင် တိုက်ဖျက်ရေး ဒီမိုကရေစီ ညီညွတ်ရေးတပ်ပေါင်းစုကြီး တစ်ခုပေါ်ပေါက်လာဖို့ တတ်နိုင်
သလောက် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ) ဟာ ၁၉၉၄ ခုနှစ်မှာ စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီမှု ရယူခဲ့ပြီး ၂၀ဝ၉ ခုနှစ် နိုဝင်ဘာလ (၈) ရက်မှာ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းလိုက်တာဖြစ်ပါတယ်။
အပစ်အခတ်ရပ်စဲပြီး ၂၉နှစ်အကြာ ၂၀၂၃ခုနှစ် ဇူလိုင်လ ၁ရက်နေ့ မှာတော့ ကရင်နီပြည်နယ်က တော်လှန်ရေးတပ်ဖွဲ့နဲ့အတူပူပေါင်းပြီး စစ်ကောင်စီကို ပြန်တိုက်ခိုက်နေတဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။
ဓါတ်ပုံ-ကလလတ
ပုံစာ-စစ်ကြောင်းထွက်ရန်ပြင်ဆင်နေသော ကလလတ တပ်ဖွဲ့ဝင်များ။