မြိတ်အခြေစိုက် ခလရ ၁၀၃ တပ်မှ တပ်ရင်းမှူးအပါအဝင် ၄၈ ဦး လက်နက်ချ
****************
သဇင်
ဧပြီ ၁၆၊ ၂၀၂၄။
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် ကမ်းရိုးတန်းတိုင်းဒေသ စစ်ဌာနချုပ် (ကရခ) လက်အောက်ခံ ခလရ ၁၀၃ တပ်မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦး လက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ကြီးလက်နက်ငယ် ၆၇ လက် သိမ်းဆည်းရမိခဲ့သည်ဟု ကေအဲန်ယူ (ဗဟို) က ယနေ့ ဧပြီလ ၁၆ ရက် မနက်ပိုင်းတွင် ထုတ်ပြန်သည်။
ယမန်နေ့ ဧပြီလ ၁၅ ရက်တွင် ခလရ−၁၀၃ တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ၎င်းတို့ တပ်စွဲထားရာ တပ်စခန်းအား စွန့်ခွာပြီး ထီးထာ့ဗျူဟာသို့ ပြန်လည်ပူးပေါင်းရန် ပြန်လာသည့်လမ်းတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ (၄) မှ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးခန့် သေဆုံးခဲ့ပြီးနောက် ကျန်တပ်ဖွဲ့ဝင်များ လက်နက်ချအညံ့ခံခဲ့ခြင်းဖြစ်သည်။
လက်နက်ချအညံ့ခံလာသော ခလရ (၁၀၃)တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်းအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးအား ကေအဲန်ယူ−မြိတ်−ထားဝယ်ခရိုင် တာဝန်ရှိသူများမှ နိုင်ငံတကာ လက်နက်ချခြင်းဆိုင်ရာ ဥပဒေများနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လ ၂၆ ရက်ကလည်း ခလရ (၁၀၃) တပ်ရင်းမှ တပ်ကြပ်ကြီး ဝင်းနိုင်က MA-3 တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ 5.56 ကျည် ၃၁၇ တောင့်ကို ယူဆောင်လာကာ မြိတ်ခရိုင်တပ်ရင်း (၁) ကို အလင်းဝင်လာခဲ့ဖူးသည်။
ပုံစာ- ခလရ (၁၀၃) တပ်ရင်းထံမှ လက်နက်ချအညံ့ခံသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။ (Photo-KNU)