ပြင်ဦးလွင်မြို့စစ်တက္ကသိုလ် – DSA ကို ဒုံးမိုးရွာခဲ့ဟု MDY-PDF ကပြော
ထွယ်
ဧပြီ ၁၆၊ ၂၀၂၄။
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် – DSA ကို ဧပြီလ ၁၄ ရက်ညဦးပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် – မန္တလေး (MDF – PDF) က တိုက်ခိုက်ခဲ့သည် MDY-PDF ပြန်ကြားရေးတာဝန်ခံ ကိုအော်စမွန် က သံလွင်ခက်ကို ပြောသည်။
“ပြင်ဦးလွင်ကို မင်းအောင်လှိုင် လာရောက်အနားယူနေတဲ့အတွက် MDY PDF က လျှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ” ဟု ကိုအော်စမွန်က ပြောသည်။
တိုက်ပွဲအခြေအနေနှင့် ပတ်သတ်ပြီး အသေးစိတ်ကို မကြာမီ ထုတ်ပြန်သွားမည်ဟု ဆိုသည်။သည်။ သင်္ကြန်တွင်းကာလ၌ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များ ပြင်ဦးလွင်တပ်တွင်းသင်္ကြန်သို့ လာရောက်မည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။
ပြင်ဦးလွင်မြို့ရှိ စစ်တက္ကသိုလ် – DSA သည် ယမန်နေ့ ဧပြီလ ၁၄ ရက် ည ၉ နာရီခွဲခန့်တွင် ပစ်ခတ်တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ပြင်ဦးလွင်အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့လည်း ပြန်လည်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
“လက်နက်ကြီးသံတွေ ဆက်တိုက်ကြားရတော့ မီးတွေအကုန်ပိတ်ပြီး အိမ်အောက်ထဲ ဆင်းနေလိုက်တယ်။ အိမ်နဲ့ အဲဒီပစ်တဲ့နေရာနဲ့က ဝေးပေမယ့် ညပိုင်းဖြစ်နေတော့ ဘယ်ကို ပစ်နေတယ်မသိတာရယ်။ အသံက ဆက်တိုက်အကျယ်ကြီး ကြားနေရတော့ ကြောက်လန့်ပြီး အိမ်အောက်ထဲအမြန်ပြေးဆင်းလိုက်ရတယ်။” ဟု ပြင်ဦးလွင်မြို့တွင် နေထိုင်သူ အသက်၅၅ အရွယ် ဒေါ်မေရီက ပြောသည်။
အဆိုပါပစ်ခတ်မှုကြောင့် ပြင်ဦးလွင် စံပယ်ရပ်ကွက်၊ ဗလမင်းထင်ရပ်ကွက် အပါအဝင် အောင်မြေဇေယျာဘုန်းကြီးကျောင်း၊ ပြင်ဦးလွင် ပြည်သူ့ဆေးရုံကြီး အရိုးကုသဆောင်၊ Luxury Hotel နှင့် ရပ်ကွက်ကြီး (၅) တို့တွင် လက်နက်ကြီး ၁၁ လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး အောင်မြေဇေယျာဘုန်းတော်ကြီးကျောင်းမှ သံဃာ နှစ်ပါး ပျံလွန်ပြီး ပြည်သူ နှစ်ဦး သေဆုံးကာ ကလေးငယ် အပါအဝင် ဒဏ်ရာရရှိသူ ၁၂ ဦး ရှိခဲ့သည်ဟု စစ်ကောင်စီပြန်ကြားရေးဌာနက အနေ့က ထုတ်ပြန်ထားသည်။
ယခုနှစ်အတွင်း မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့ရှိ စစ်ကောင်စီ၏ စစ်တက္ကသိုလ် (DSA) သည် မကြာခဏ ပစ်ခတ်ခံနေရပြီး ပြီးခဲ့သည့် မတ်လ ၈ ရက်တွင် မန္တလေးတိုင်း ပကဖ မှ ၁၀၇ မမ ရှော့တိုက်ဒုံး (၅) လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သားများနေထိုင်သည့် အဆောင်အနီးသို့ (၄) လုံး ကျရောက် ပေါက်ကွဲခဲ့သည်ဟု သိရသည်။
ဓါတ်ပုံ – စစ်ရေးလေ့ကျင့်နေသော မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ(MDY_PDF)