KNU တပ်မဟာ ၅ နယ်မြေရှိ တပ်စခန်း ငါးခုကို စစ်ကောင်စီစွန့်ခွာ
*******************
နန်းဆုပန်ခန့်
ဧပြီ ၁၅ ၊ ၂၀၂၄။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်နှင့် ဒွယ်လိုးမြို့နယ်ရှိ တပ်စခန်း ငါးခုမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စခန်းကို စွန့်ခွာသွားသည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။
အဆိုပါ တပ်စခန်း ငါးခုထဲမှ လေးခုသည် ဆက်လက်နေထိုင်ရန် ခက်ခဲသောကြောင့် ၎င်းတို့ဘက်မှ ဧပြီလ ၁၂ ရက်တွင် စတင်စွန့်ခွာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA အမှတ် ၅ က ဧပြီလ ၁၂ ရက်မှ စတင်ရှင်းလင်းခဲ့ပြီး ဧပြီ ၁၄ ရက်နေ့တွင် ရှင်းလင်းမှု ပြီးစီးခဲ့ပြီဖြစ်သည်ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက သံလွင်ခက်ကိုပြောသည်။
၎င်းက “သူတို့ဘာသာ သူတို့ ဆုတ်သွားတာ။ သူတို့ နေလို့ အဆင်မပြေတော့လို့ ဆုတ်သွားတာ၊ စခန်းကို စနိုက်ပါနဲ့ ချောင်းပစ်တာတွေ၊ ဟိုပိတ်ဆို့ ဒီပိတ်ဆို့လုပ်တာတွေ၊ သူတို့ဘာသာ သူတို့ ရပ်တည်လို့ အဆင်မပြေတော့ ဆုတ်သွားတယ်။ အခုဆို အဲ့ဒီနေရာကို သူတို့မရှိတော့ ဒီဘက်အဖွဲ့က သွားပြီး မီးရှို့ဖျက်ဆီးလိုက်တာ” ဟု ဆိုသည်။
စစ်ကောင်စီတပ်များ စွန့်ခွာသွားသည့် စခန်း လေးခုမှာ ကေအဲန်ယူထိန်းချုပ်နယ်မြေဖြစ်သည့် မူတြော်ခရိုင်၊ ဘူးသိုမြို့နယ် သံလွင်မြစ်နှင့် သောင်ရင်းမြစ်ဆုံရာ သူးမွဲထဒေသရှိ သူးမွဲထစခန်း၊ ထီးကေ့ကွယ်ကျိုးစခန်း၊ ဟော့မာဒေါစခန်းနှင့် ကောကော်ထာစခန်းတို့ဖြစ်သည်။
အဆိုပါ စစ်စခန်းများမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်မှ စတင်ဆုတ်ခွာပြီးနောက် ကေအဲန်ယူ တပ်မဟာ ၊ ဘားအံခရိုင်၊ လှိုင်းဘွဲ့မြို့နယ်ထဲရှိ စစ်ကောင်စီ တပ်စခန်းများထံတွင် သွားရောက်ပူးပေါင်းခဲ့သည်ဟု သိရသော်လည်း သံလွင်ခက်အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။
ထို့အပြင် မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ် မယ်ဝိုင်ကျေးရွာအုပ်စု ဘလယ့်ကျိုးစစ်ကောင်စီတပ်စခန်းရှိ တပ်ဖွဲ့ဝင်များသည်လည်း ဧပြီလ ၁၄ ရက်တွင် ၎င်းတို့စခန်းကို စွန့်ခွာခဲ့သေးသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဆုတ်ခွာသွားသော ၎င်းတပ်စခန်းများသည် ဦးသိန်းစိန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများအကြား ချုပ်ဆိုခဲ့သည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်-NCA လက်မှတ်မထိုးခင် ၂၀၀၈၊ ၂၀၀၉ ခုနှစ်ကတည်းက ဝင်ရောက်နေရာယူတပ်စွဲထားသည့် တပ်စခန်းများလည်းဖြစ်သည်ဟု သိရသည်။
သောင်ရင်းမြစ်နှင့် သံလွင်မြစ်တို့ ဆုံရာ သူးမွဲထဒေသတွင် စစ်ကောင်စီတပ်စခန်းများ မရှိတော့သောကြောင့် လက်ရှိအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ကင်းစင်နယ်မြေဖြစ်သွားပြီဟု ကေအဲန်ယူ တာဝန်ရှိသူများက ပြောသည်။
ဓါတ်ပုံ – မြေပြင်ရဲဘော်
ပုံစာ – သောင်ရင်းမြစ်နှင့် သံလွင်မြစ် မြစ်ဆုံအနီးရှိ တပ်စခန်းများ မီးရှို့ရှင်းလင်းစဉ် အဝေးမှ မြင်တွေ့နေရသည့် မြင်ကွင်း။