မြန်မာ့နယ်စပ်ကုန်သွယ်ရေးစခန်း ခြောက်ခုကို တိုင်းရင်းသားလက်နက်ကိုင်(EAOs)တွေနဲ့ တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထား
*************
သံလွင်ခက်။
ဧပြီ ၁၅၊၂၀၂၄။
မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း စုစုပေါင်း ၁၇ ခုရှိတဲ့အနက် ခြောက်ခုကို တိုင်းရင်းသားလက်နက်ကိုင် (EAOs)တွေနဲ့တော်လှန်ရေး အင်အားစုတွေကသိမ်းပိုက်ထားပြီး စစ်ကောင်စီဟာ တရားဝင်နယ်စပ်ကုန်သွယ်မှု ရဲ့ ၆၀ရာခိုင်နှုန်းနီးပါးကို ဆုံးရှုံးသွားပြီဖြစ်တယ်လို့ Institute For Strategy and Policy-Myanmar(ISP Myanmar) အဖွဲ့ ဧပြီလ ၁၃ရက်နေ့က ထုတ်ပြန်ထားပါတယ်။
နယ်စပ်ကုန်သွယ်ရေး စခန်း ၁၇ခုရှိတဲ့ အနက် စစ်ကောင်စီလက်အောက်မှာ ကန်ပိုက်တီစခန်း ၊ တမူးစခန်း ၊ ကျိုင်းတုံစခန်း ၊ တာချီလိတ်စခန်း ၊ နဘုလယ်/ထီးခီးစခန်း ၊ မောတောင်စခန်း၊ ကော့သောင်းစခန်း နဲ့ မြိတ်စခန်း စတဲ့ စခန်းရှစ်ခုရှိပြီး လက်ရှိမှာ နယ်စပ်ကုန်သွယ်မှု တန်ဖိုးအားလုံးရဲ့ ၄၀ရာခိုင်နှုန်းကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တော့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
မောင်တောစခန်း ၊ စစ်တွေစခန်း နဲ့ ကျိုင်းလတ်စခန်း စတဲ့ စခန်းသုံးခုကတော့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက် မှာ ရှိပေမယ့် ကုန်သွယ်မှုရပ်ဆိုင်းနေပြီး တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့တော်လှန်ရေး အင်အားစုတွေကတော့ လွယ်ဂျယ်စခန်း ၊ မူဆယ်စခန်း ၊ ချင်းရွေဟော်စခန်း ၊ မယ်စဲ့စခန်း ၊ ရိဒ်စခန်း နဲ့ မြဝတီ စခန်းတွေကို ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနောက် သုံးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှု တန်ဖိုးစုစုပေါင်းမှာ အမေရိကန် ဒေါ်လာ ၂၄ ဘီလီယံကျော်ရှိခဲ့ပါတယ်။အဲဒီအနက် တိုင်းရင်းသားလက်နက်ကိုင်(EAOs)တွေ နဲ့တော်လှန်ရေး အင်အားစုတွေ လက်ရှိထိန်းချုပ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း ခြောက်ခုရဲ့ တရားဝင် ကုန်သွယ်မှုတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံကျော်ရှိပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်တဲ့ ကျန်နယ်စပ် ကုန်သွယ်ရေးစခန်း ခြောက်ခုရဲ့ကုန်သွယ်မှုတန်ဖိုးက အမေရိကန် ဒေါ်လာ ၁၀ဘီလီယံ နီးပါခန့် ရှိပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားနိုင်ပေမယ့် ကုန်သွယ်မှု ရပ်တန့်နေတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းသုံးခုရဲ့ သုံးနှစ်အတွင်း တရားဝင်ကုန်သွယ်မှု တန်ဖိုးကတော့အမေရိကန်ဒေါ်လာ ၄၃၁သန်းခန့်ရှိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။
အာဏာသိမ်းပြီးနောက် သုံးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှုတန်ဖိုးဟာ စုစုပေါင်း အမေရိကန် ဒေါ်လာ ၉၄ဘီလီယံကျော်ရှိပါတယ်။ပင်လယ်ရေကြောင်း ကုန်သွယ်မှုကနေ အမေရိကန်ဒေါ်လာ ၆၉ ဘီလီယံ ရရှိပြီး စုစုပေါင်းကုန်သွယ်မှုရဲ့ ၇၃ ရာခိုင်နှုန်းကျော် ရှိပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်(EAOs)တွေ နဲ့တော်လှန်ရေး အင်အားစုတွေ လက်ရှိထိန်းချုပ်ထားတဲ့ နယ်စပ်ကုန်သွယ်ရေးစခန်း ခြောက်ခုရဲ့ ကုန်သွယ်မှုဟာ အမေရိကန် ဒေါ်လာ ၁၄ဒသမ၈ဘီလီယံရှိပါတယ်။
အဲဒါကြောင့် မြန်မာ့ပြည်ပကုန်သွယ်မှုရဲ့ ၁၆ရာခိုင်နှုန်းနီးပါးကို တော်လှန်ရေးအင်အားစုတွေက ထိန်းချုပ်ထားနိုင်ပြီလို့ အဲဒီထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဓါတ်ပုံ-သံလွင်ခက်
ပုံစာ- ထိုင်း-မြန်မာနယ်စပ် မြဝတီကုန်သွယ် ရေးစခန်း အနီးသွားလာနေသော ကုန်တင်ကားများ။