မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ NMSP – AD ရဲဘော် ၂ ဦးကျဆုံး
*******
သဇင်
ဧပြီ ၁၁၊ ၂၀၂၄။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဓမ္မသကျေးရွာအား စစ်ကောင်စီတပ်၏ လေကြောင်းမှ ပေါင် ၅၀၀ ဗုံး ကြဲချ ခဲ့သည့်အတွင်း မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ – NMSP-AD အဖွဲ့ဝင် ၂ ဦးကျဆုံးခဲ့သည်ဟု ဂဠုန်စစ်ကြောင်းက ထုတ်ပြန်သည်။
ဧပြီလ ၈ ရက် ည ၇ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က Y 12 လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံး ၃လုံး ကြဲချခဲ့ သည့်အတွက် ဓမ္မသကျေးရွာဘုန်းကြီးကျောင်းဆောင်နှင့် ဘုရားစေတီများ ထိခိုက်ပျက်စီးခဲ့ပြီး မွန်ပြည်သစ်ပါတီ – AD ရဲဘော်၂ ဦးကျဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဂဠုန်စစ်ကြောင်းပြန်ကြားရေးတာဝန်ခံက ” AD က ၂ယောက်ကျသွားတာကို ဂဠုန်စစ်ကြောင်းက ရဲဘော် တွေ ကိုယ်တိုင် Dead Body သယ်ပေးခဲ့တာ”ဟု အတည်ပြုပြောဆိုသည်။
ဧပြီလ ၈ ရက် နေ့လယ်ပိုင်းတွင် ဓမ္မသကျေးရွာအပြင်ဘက်၌ စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီ – AD တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုနေ့ညပိုင်းတွင် စစ်ကောင်စီတပ်က ဓမ္မသကျေးရွာအား လေကြောင်းတိုက်ခိုက်မှု ပြု လုပ်ခဲ့သည်။
ယင်းနောက် ဧပြီလ ၉ ရက် မနက်ပိုင်းတွင် ဓမ္မသရွာသို့ အင်အား ၃၀ ခန့်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး Mi – 35 ဖြင့် ၄ ကြိမ်တိုင် ထပ်မံပစ်ခတ်ခဲ့သေးသည်ဟု ဆိုသည်။
အဆိုပါထိတွေ့တိုက်ပွဲအတွင်း ဂဠုန်စစ်ကြောင်းကရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီဘက်က ထိ ခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးမှုအရေအတွက်ကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD သည် မွန်ပြည်သစ်ပါတီက ခွဲထွက်လာသည့် မွန် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၁ ဖွဲ့ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦး တော်လှန်ရေးအင်အားစုများနှင့်လက်တွဲပြီး စစ်အာဏာရှင်ကိုတိုက်ထုတ်သွားမည်ဟု ဖေဖော်ဝါရီ ၁၄ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ဓာတ်ပုံ – NMSP – AD
ပုံစာ – မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့က တိုက်ပွဲဖြစ်ပွားရာကျိုက်မရောမြို့နယ်နှင့် ကော့ကရိတ်မြို့နယ်ဒေသများသို့ သွားရောက်စစ်ဆေးစဉ်။