မဲဆောက်နယ်စပ်ကုန်သွယ်ရေး ပုံမှန်အတိုင်းလည်ပတ်နေ
*******
သံလွင်ခက်
ဧပြီ ၁၀၊ ၂၀၂၄။
ထိုင်း – မြန်မာနယ်စပ် မဲဆောက်မြို့တစ်ဖက်ကမ်း မြဝတီမြို့အနီးတွင် ကရင်တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများဖြစ်ပွားနေသော်လည်း နယ်စပ်ကုန်သွယ်ရေးပုံမှန်စီးဆင်းနေသည်ဟု သိရသည်။
မဲဆောက် – မြဝတီနယ်စပ်ကုန်သွယ်ရေးဂိတ်သည် ပုံမှန်အတိုင်းဆက်လက်လည်ပတ်နေသော်လည်း ကုန်သွယ် ရေးယာဥ်အရေအတွက်ကျဆင်းသွားသည်ဟု ထိုင်း – မြန်မာ စီးပွားရေးကောင်စီဥက္ကဋ္ဌ ကရစ် အန်ဝတ်တွန်ဆာထစ် က ယမန်နေ့တွင်ပြောသည်။
ထိုနည်းအတူပင် ထိုင်း – မြန်မာ နှစ်ဖက်နိုင်ငံသားများကြား ဆက်သွယ်သွားလာမှုများကလည်း ယမန်နေ့ကအထိ တော့ ပုံမှန်အတိုင်းသာရှိနေသည်ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။
မြဝတီမြို့အနီးတွင်တိုက်ပွဲများဖြစ်ပွားနေသည့်အတွက် မြဝတီဒေသခံတချို့ကတော့ မဲဆောက်ဘက်ရွှေ့ပြောင်း လာနေကြသည်ဟုလည်း ၎င်းကမှတ်ချက်ပြုသည်။
“ကရင်ပဲဖြစ်ဖြစ် စစ်ကောင်စီပဲဖြစ်ဖြစ် ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်ရေးကိုတော့ ထိခိုက်စေချင်တာမျိုးမရှိဘူး။ မဲဆောက်ကုန်သွယ်ရေးကလည်း မြန်မာနိုင်ငံအတွက် အရေးပါတယ်မဟုတ်လား”ဟု ကရစ် ကပြောသည်။
နှစ်ဖက်ဖြစ်ပွားနေသောပဋိပက္ခများက ထိုင်း – မြန်မာနှစ်နိုင်ငံ၏ သွင်းကုန်၊ ပို့ကုန်လုပ်ငန်းများအပေါ် ထိခိုက်လိမ့် မည်မဟုတ်ဟု ၎င်းအနေဖြင့်ယုံကြည်ထားသည်ဟုပြောသည်။
တစ်ချိန်တည်းမှာပဲ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြင့်တင်ရေးဌာန – DITP ကလည်း မြန်မာနှင့် နယ်စပ်ကုန် သွယ်ရေးအခြေအနေများအပေါ်အနီးကပ်စောင့်ကြည့်နေပြီး နယ်စပ်ကုန်သွယ်ရေးအပြောင်းအလဲတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက ထိုင်းကုန်သွယ်ရေးလုပ်ငန်းရှင်များကိုအသိပေးမည်ဟု ကြေညာထားသည်။
DITP ညွှန်ကြားရေးမှူးချုပ် Phusit Ratanakul Sereroengrit ကလည်း ထိုင်းနိုင်ငံမှမြဝတီသို့ ကုန်သွယ်မှု မှန်သမျှကို လက်ရှိအချိန်အထိ ပုံမှန်အတိုင်းဖွင့်လှစ်ထားသည်ဟု ယမန်နေ့ကပြောသည်။
၎င်းက “တကယ်လို့ မြဝတီအခြေအနေက ပိုဆိုးလာခဲ့မယ်ဆိုရင်တော့ ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ မဲဆောက် ကုန်သွယ်ရေးဂိတ်ကိုမသုံးတော့ဘဲ မယ်ဆိုင် – တာချီလိတ် – ရနောင်း – ကော့သောင်းလမ်းကိုသုံးပြီး မြန်မာနိုင်ငံ ကို ပိုပြီးတင်ပို့လာနိုင်တယ်”ဟုပြောသည်။
မဲဆောက်နယ်စပ်ကုန်သွယ်ရေးသည် ထိုင်းနိုင်ငံ၏ ဒုတိယအကြီးမားဆုံး နယ်စပ်ကုန်သွယ်ရေးဂိတ်ပေါက်ဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ကုန်သွယ်မှုတန်ဖိုး ဘတ်ငွေ ၁၀၆ ဒဿမ ၈၃ ဘီလီယံရှိခဲ့သည်။ ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှုူတန်ဖိုးစုစုပေါင်းက ဘတ်ငွေ ၂၂၆ ဒဿမ ၂၆ ဘီလီယံရှိခဲ့သည်။
ပြီးခဲ့သည့်နှစ်အတွင်း မဲဆောက်ကုန်သွယ်ရေးဂိတ်ကနေ မြန်မာနိုင်ငံသို့အများဆုံးတင်ပို့ခဲ့သည့် ကုန်ပစ္စည်း ၅ မျိုး မှာ ဖုန်းနှင့် ဆက်စပ်ပစ္စည်းများ၊ ဒီဇယ်၊ ပလတ်စတစ်၊ စားအုန်းဆီနှင့် အရက်မဟုတ်သော အချိုရည်များဖြစ်ကြ သည်။
ထိုင်းနိုင်ငံသို့ အများဆုံးတင်သွင်းခဲ့သည့် ကုန်ပစ္စည်း ၅ မျိုးမှာ တိရစ္ဆာန်အစားအစာထုတ်လုပ်ရန်အတွက် ပြောင်း၊ ဆန်၊ နွား၊ အလူမီနီယမ်နှင့် ငရုတ်သီးစိမ်းတို့ဖြစ်ကြသည်။
Ref: The nation
ဓာတ်ပုံ – သံလွင်ခက်
ပုံစာ – မဲဆောက်ဘက်ခြမ်းကမြင်နေရသော မဲဆောက် – မြဝတီနယ်စပ်ဂိတ်ပေါက်။