စစ်ကောင်စီကိုတော်လှန်သွားမည်ဟု အပစ်ရပ် ကြယ်ဖြူပြည်သူ့စစ်အဖွဲ့ကြေညာ
*****
သံလွင်ခက်
ဧပြီ ၁၀၊ ၂၀၂၄။
စစ်ကောင်စီကိုတော်လှန်သွားမည်ဟု ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ – KNSO ခေါ် ကြယ်ဖြူ ပြည် သူ့စစ်အဖွဲ့က ယနေ့တွင်ထုတ်ပြန်သည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် KNSO ဌာနချုပ်ရုံးအခြေစိုက်ရာ ခဲမဖြူကျေးရွာကို လေယာဉ်ဖြင့် ဗုံးကြဲ ခြင်း၊ မော်ချီးရှိ ပြည်သူလူထုများနေထိုင်ရာကျေးရွာများကို ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခြင်းများပြုလုပ်ခဲ့သည့် အတွက် စစ်ကောင်စီအနေဖြင့် ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်ဟု ဆိုထားသည်။
KNSO အနေဖြင့် အာဏာသိမ်းစစ်ကောင်စီအား ကရင်နီပြည်တွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၊ ပြည်သူများ နှင့်အတူပူးပေါင်းကာ စစ်အာဏာရှင်ကျဆုံးရေး နှင့် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိ ရေးအထိ ပါဝင်တော်လှန်သွားမည်ဟု သဘောထားထုတ်ပြန်ထားသည်။
ဖားဆောင်းမြို့နယ် မော်ချီးဒေသအခြေစိုက်သည့် KNSO သည် ၂၀၀၂ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် ထိုစဉ်က နိုင်ငံတော်အာဏာသိမ်းယူထားသော စစ်အစိုးရနှင့် အပစ်ရပ်ငြိမ်းချမ်းရေးယူခဲ့ပြီး ၅ နှစ်အကြာတွင် ကြယ်ဖြူ ပြည်သူ့စစ်အဖြစ် အသွင်ကူးပြောင်းခဲ့ခြင်းဖြစ်သည်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းယူမှုနောက်ဆက်တွဲကြောင့် ဖြစ်ပေါ်လာသည့်ပြဿနာများကြောင့် စစ်ကောင်စီ က နည်းအမျိုးမျိုးဖြင့် ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ထောင်သွင်းအကျဉ်းချခြင်း၊ နှိပ်စက်ညှင်းပန်းခြင်း၊ အိုးအိမ်များအား မီးရှို့ဖျက်ဆီးခြင်းနှင့် လက်နက်အားကိုးပြီး အင်အားသုံးတိုက်ခိုက်လာမှုကြောင့် ကရင်နီပြည် တွင်းရှိ ပြည်သူများသာမက မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရကြောင်း၊ လူငယ်လူရွယ်များ နှင့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ထောင်ပေါင်းများစွာဖမ်းဆီးခံရခဲ့ကြောင်း၊ ယင်းသို့သော စစ်ကောင်စီ၏ လုပ်ရပ်များအပေါ် လုံး၀ကန့်ကွက်ရှုတ်ချသည်ဟု KNSO က ထုတ်ပြန်သည်။
စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်အဖြစ်ရပ်တည်နေသည့် ကရင်နီလူမျိုးပေါင်းစုံပြည်သူ့လွတ် မြောက်ရေးတပ်ဦး – ကလလတ သည်လည်း ၂၀၂၃ ခုနှစ် ဇွန်လအတွင်းကခွဲထွက်ကာ လက်ရှိတွင် စစ်ကောင်စီကို ပြန်လည်တော်လှန်လျက်ရှိသည်။
ခဲမဖြူ(သံဖြူ)နှင့် အဖြိုက်နက်သတ္တုတွင်းများထွက်ရှိရာ မော်ချီးမြို့ကို သိမ်းယူလိုက်ပြီဖြစ်သည်ဟု ကရင်နီအမျိုး သားများကာကွယ်ရေးတပ် – KNDF က ဇန်နဝါရီ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။