နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မည်ဟု မွန်အခြေပြု ၃ ဖွဲ့ဆို
***************
သဇင်
ဧပြီ ၈၊၂၀၂၄။
စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ရန်နှင့် အချုပ်အခြာအာဏာပြည့်ဝသော မွန်ပြည်ထူထောင်နိုင်ရန်အတွက် မဟာမိတ်တပ်များအဖြစ် နိုင်ငံရေးနှင့် စစ်ရေးပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။
ယမန်နေ့ ဧပြီလ ၇ ရက်တွင် မွန်ပြည်သူများ၏ သဘောဆန္ဒကိုဦးထိပ်ထားပြီး မွန်နိုင်ငံရေးနှင့် မွန်တော်လှန်ရေး အင်အားစုများအကြားညီညွတ်စေရန်၊ စစ်အာဏာရှင်နှင့် အာဏာရှင်စနစ်အမျိုးမျိုးကို အတူတကွပူးပေါင်း တိုက်ပွဲဝင်ရန်အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ မွန်ပြည်တော်လှန်ရေးတပ်နှင့် မွန်ပြည်ကာကွယ်ရေးတပ်တို့ သဘောတူညီမှုရရှိခဲ့သည်ဟု အဆိုပါအဖွဲ့အသီးသီးက ထုတ်ပြန်ထားသည်။
အဆိုပါ သဘောတူညီမှုဆုံးဖြတ်ချက်ကို မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ ဒုတိယအကြိမ်ညီလာခံတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး စစ်အာဏာရှင်ကိုတိုက်ထုတ်နေသည့် မွန်တော်လှန်ရေးအင်အားစုများ ပိုမိုအင်အားကောင်းလာစေရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြောရေးဆိုခွင့် ရှိသူ နိုင်စိုင်းမွန် က သံလွင်ခက်ကို ပြောသည်။
၎င်းက “ ဆုံးဖြတ်ချက်မှာတော့ မွန်ပြည်နယ်ထဲမှာရှိတဲ့ တော်လှန်ရေးအင်အားစုဖြစ်စေ၊ နိုင်ငံရေးအင်အားစု ဖြစ်စေ ဒီအင်အားစုတွေ နိုင်ငံရေး၊ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေရရှိလာဖို့နဲ့ စစ်အာဏာရှင်တိုက်ဖျက်တဲ့ တော်လှန်ရေးအင်အားစုတွေ ပိုမိုအင်အားကောင်းလာဖို့ ဆွေးနွေးခဲ့ကြပါတယ်” ဟု ဆိုသည်။
ထို့အပြင် မွန်ပြည်ကာကွယ်ရေးတပ် – MSDF ၏ နိုင်ငံရေး၊ စစ်ရေးဦးဆောင်ကော်မတီ တာဝန်ရှိသူအချို့က မွန်ပြည်ဖက်ဒရယ်ကောင်စီ – MSFC တွင်ပါဝင်ပြီး နိုင်ငံရေးတာဝန်များကို ပူးပေါင်းတာဝန်ယူသွားမည့်အပြင် MSDF ရေရှည်တည့်တံ့ရေးအတွက်လည်း MSFC က ထောက်ပံ့မှုများလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
MSFC ၊ MSDF ၊ MSRF အဖွဲ့များအနေဖြင့် နိုင်ငံရေးနှင့် စစ်ရေးအရပူးပေါင်းဆောင်ရွက်မှုသည် ဖက်ဒရယ်စနစ် မွန်ပြည်ထူထောင်ရာတွင်လည်း များစွာအကျိုးဖြစ်ထွန်းစေနိုင်သည်ဟု မွန်ပြည်တော်လှန်ရေးတပ် – MSRF ပြောရေးဆိုခွင့်ရှိသူ နာဲနဂါးက ဆိုသည်။
၎င်းက “ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ ဦးဆောင်သွားတဲ့ နိုင်ငံရေးအဖွဲ့အစည်းအောက်ကနေ ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေ ပူးပေါင်းပါဝင်ခြင်းကလည်း အနာဂတ်မွန်ပြည်အတွက် လွတ်လပ်တရားမျှတဲ့ နိုင်ငံ ရေးစနစ်ကြီးတစ်ခုကို တည်ထောင်တဲ့ခါမှာ အခုထဲက အခြေကျသွားနိုင်တဲ့ အလေ့အကျင့်တစ်ခုကို လုပ်ဆောင်နိုင်မှာဖြစ်တယ်” ဟုဆိုသည်။
မွန်ပြည်တော်လှန်ရေးတပ်နှင့် မွန်ပြည်ကာကွယ်ရေးတပ်များအကြား အခြေခံစစ်သင်တန်းများနှင့် စစ်ပစ္စည်း ထုတ်လုပ်ရေးလုပ်ငန်းများတွင် အတူတကွလုပ်ဆောင်သွားရန်၊ စစ်ဘက်ဆိုင်ရာ သတင်းအချက်အလက်များနှင့် စစ်ရေးအတွေ့အကြုံများကို အပြန်အလှန်ဖလှယ်သွားရန်နှင့် စစ်ဆင်ရေးတိုက်ပွဲများ ပေါ်ပေါက်လာပါက မဟာမိတ်အသွင် အတူတကွတိုက်ပွဲဝင်ရန်စသည့် သဘောတူချက်များလည်းပါရှိသည်။
မွန်ပြည်သူများလိုလားတောင့်တနေသည့် မွန်တော်လှန်ရေးတပ်ဖွဲ့များ ပေါင်းစည်းသွားနိုင်ရေး မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်းအပေါ် ဝမ်းမြောက်မိသည်ဟုလည်း မွန်ပြည်ကာကွယ်ရေး MSDF ဥက္ကဋ္ဌ ဒေါက်တာသီရိမွန်ချမ်း က ပြောသည်။
၎င်းက “အခုလိုနွေဦးတော်လှန်ရေးနဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲမှာ တော်လှန်ရေးလက်နက်ကိုင်တပ်တွေ အတူတကွတိုက်ဖို့ အရေးကြီးတယ်။ အဲဒါကြောင့် မွန်ပြည်သူပြည်သားတွေ လိုလားတောင့်တနေတဲ့ မွန်တော်လှန်ရေးလက်နက်ကိုင်တပ်တွေ တပ်တစ်တပ်တည်းဖြစ်အောင် ကျစ်လစ်ခိုင်မာတဲ့ မဟာမိတ်တပ်ဖွဲ့စည်းနိုင်တဲ့အတွက် ဝမ်းမြောက်မိတယ် “ဟုဆိုသည်။
မွန်ပြည်တော်လှန်ရေးတပ်နှင့် မွန်ပြည်ကာကွယ်ရေးတပ်တို့သည် စစ်အာဏာသိမ်းပြီးနောက်ပိုင်းပေါ်ပေါက် လာသည့် မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များဖြစ်ပြီး စစ်အာဏာရှင်အမြစ်ပြတ်သည်အထိ ချေမှုန်းတိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။
ဓာတ်ပုံ – MSDF
ပုံစာ – MSDF တပ်ဖွဲ့ဝင်များ။
************
Telegram– > https://t.me/ThanLwinKhetNews/4219
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=9069