စာရွက်စာတမ်းများသယ်ဆောင်ရန် စစ်ကောင်စီအကူအညီတောင်းထားဟု ထိုင်းဗိုလ်မှူးချုပ်ပြော
*******
သံလွင်ခက်
ဧပြီ ၈၊ ၂၀၂၄။
မြဝတီမြို့ကို တော်လှန်ရေးအင်အားစုများက ထိန်းချုပ်လိုက်နိုင်ပြီးနောက် မြဝတီတွင်ကျန်ရှိနေသည့် ထိခိုက်လွယ်အုပ်စုများနှင့် အရေးကြီးစာရွက်စာတမ်းများ ပြန်လည်သယ်ဆောင်ခွင့်ပြုရန် မြန်မာစစ်ကောင်စီက ထိုင်းအာဏာပိုင်များကို အကူအညီတောင်းထားသည်ဟု ခြေလျင်တပ်မ ၄ ၏ ဗိုလ်မှူးချုပ် Narongrit Panikabut က ယနေ့ ဧပြီလ ၈ ရက်တွင် တရားဝင်ပြောကြားခဲ့သည်။
တာ့ခ်ခရိုင်အတွင်းရှိ မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ဧပြီ ၇ – ၉ ရက်အတွင်း လေယာဥ်ဆင်းသက်ခွင့်ပြုရန် စစ်ကောင်စီက ထိုင်းအာဏာပိုင်များကိုအကူအညီတောင်းခံထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဘက်ကလည်း သဘောတူညီခဲ့သဖြင့် ယမန်နေ့ည ၉ နာရီ ၂၀ မိနစ်တွင် ATR – 72 – 600 လေယာဥ် ၁ စီး မဲဆောက်လေဆိပ်ကို ဆင်းသက်ခဲ့သည်။
အဆိုပါလေယာဥ်သည် လေဆိပ်တွင် ၁ နာရီကြာရပ်နားခဲ့သော်လည်း ခရီး သည် ၁ ယောက်မျှလိုက်ပါခြင်းမရှိဘဲ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။
တိုက်ပွဲအတွင်းလက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့၏မိသားစုဝင်များအား တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များက ရွှေကက္ကိုလ်တွင်ထိန်းသိမ်းထားသည်ဟု သိရသည်။
ယနေ့ ဧပြီလ ၈ ရက်တွင်လည်း မဲဆောက် – မြဝတီနယ်စပ်ဂိတ်ကိုလည်း ပုံမှန်အတိုင်းဖွင့်လှစ်ထားသည်။
မြန်မာနိုင်ငံကအရပ်သားများနှင့် ၎င်းတို့ပိုင်ပစ္စည်းများသယ်ဆောင်ရန် အရပ်ဘက်လေယာဥ်များဆင်းသက်ခွင့်ကို မြန်မာစစ်တပ်ကတောင်းဆိုထားသည်ဟု ထိုင်းလက်ထောက်နိုင်ငံခြားရေးဝန်ကြီး Jakkapong Sangmanee က ၎င်း၏လူမှုကွန်ရက်စာမျက်နှာတွင်ဖော်ပြထားပြီး သံတမန်ရေးရာအရတောင်းဆိုမှုများသည် ပုံမှန်ပင်ဖြစ်သည်ဟုလည်း ၎င်းကဆိုသည်။
ဧပြီ ၉ ရက်၊ အင်္ဂါနေ့တွင် မြန်မာစစ်ကောင်စီဝန်ကြီးများ၊ စစ်ဘက်ဆိုင်ရာ အကြီးတန်းအရာရှိကြီးများ၊ လုံခြုံရေး ဆိုင်ရာအရာရှိများနှင့် တွေ့ဆုံရန်စီစဥ်ထားသည်ဟု ထိုင်းဝန်ကြီးချုပ် ဆရက်ထာ ထာဝီဆင် က ပြောသည်။
Ref: Bangkok Post, Reuters
ဓာတ်ပုံ – ပေးပို့
ပုံစာ – မြဝတီမြို့အဝင်တွင် မြင်တွေ့ရသည့် ပူးပေါင်းတပ်ဖွဲ့များ။