မြန်မာများလုပ်ကိုင်နေသည့် ရော်ဘာသစ်အချောထည်လုပ်ငန်းမီးလောင်
********
သဇင်
ဧပြီ ၆၊၂၀၂၄။
ထိုင်းနိုင်ငံ စူရတ်ဌာနီမြို့အနီးတွင် မြန်မာအလုပ်သမား ၂၀၀ ကျော် အလုပ်လုပ်ကိုင်နေသည့် BNS Wood Industry Co., Ltd. ရော်ဘာသစ်အချောထည်လုပ်ငန်းစက်ရုံ မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု သိရသည်။
ယမန်နေ့ ဧပြီလ ၅ ရက်၊ နေ့လယ် ၁၂ နာရီခွဲခန့်တွင် အပူချိန်လွန်ကဲမှုကြောင့် မော်တာစက်ပေါက်ကွဲရာကနေ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု ယင်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသူ ၁ ဦးက သံလွင်ခက်ကိုပြောသည်။
“နေတအားပူတော့ အနောက်ကလေစက်က မော်တာလောင်ပြီး ပေါက်ထွက်သွားတာ။ ပြီးတာနဲ့ အနောက်ကတစ်လုံးပြီးတစ်လုံးဆက်တိုက်ပေါက်ထွက်တာ” ဟု ဆိုသည်။
အဆိုပါမီးလောင်မှုဖြစ်စဥ်တွင် စူရတ်ဌာနီစည်ပင်သာယာရေးအဖွဲ့အပါအဝင် အနီးရှိမီးသတ်ဌာနများမှ မီးသတ်ကား ၆ စီးဖြင့် မီးငြှိမ်းသတ်ခဲ့သော်လည်း ရော်ဘာသစ်စက်ရုံဖြစ်သည့်အတွက် မီးကူကာ စက်ရုံ ၁ ရုံလုံးနီးပါး မီးလောင်ပြာကျခဲ့သည်ဟု စက်ရုံအနီးနေထိုင်သူ ၁ ဦးက ပြောသည်။
“မီးသတ်ပေမယ့် သစ်တွေက အများကြီးဆိုတော့ မီးလောင်အား ကောင်းတယ်။ ည ၉ နာရီမှာ မီးလောင်ပြာကျပြီးတော့ လူထိခိုက်မှုမရှိဘူးကြားတယ်ခင်ဗျာ။ မြန်မာအလုပ်သမားတွေ့တော့ လက်ရှိအလုပ်လက်မဲ့ဖြစ်နေတယ်”ဟုဆိုသည်။
BNS Wood Industry Co., Ltd. ရော်ဘာသစ်အချောထည်လုပ်ငန်းစက်ရုံသည် အလုပ်သမား ၂၅၀ ခန့်ဖြင့် လည်ပတ်နေခြင်းဖြစ်ပြီး မြန်မာအလုပ်သမားအများဆုံးပါဝင်သည်ဟု သိရသည်။
ယနေ့ ဧပြီလ ၆ ရက် မနက်ပိုင်းတွင် စက်ရုံသူဌေးက အလုပ်သမားများကိုအစည်းအဝေးခေါ်ယူပြီး နစ်နာကြေးအဖြစ် ၆ လစာ လစဉ်ကြေးထောက်ပံ့ပေးသွားမည်ဟု စက်ရုံအလုပ်သမားများထံကသိရသည်။
အဆိုပါ စက်ရုံသည် နှစ်ပေါင်း ၂၀ ကျော်သက်တမ်းရှိပြီဖြစ်သောစက်ရုံဖြစ်ပြီး မီးလောင်မှုကြောင့် ဘတ်သန်း ၁၀၀ ခန့်ဆုံးရှုံးနိုင်သည်ဟု ထိုင်းသတင်းမီဒီယာများ၏ဖော်ပြချက်အရ သိရသည်။
ပုံစာ – BNS Wood Industry Co., Ltd. ရော်ဘာသစ်အချောထည် လုပ်ငန်းစက်ရုံ မီးလောင်ကျွမ်းနေသည့် မြင်ကွင်း။
************
Telegram– > https://t.me/ThanLwinKhetNews/4207
YouTube – > https://youtu.be/6X9AvN2FnIw?si=BGNM7eyxs7ZtJG7d
Website – > https://thanlwinkhet.net/?p=9025