တနိုင်းအပါအဝင် ကမ္ဘာ့နိုင်ငံများတွင် ငလျင်လှုပ်ခတ်ခဲ့
****
ယမင်းဖူးပွင့်အောင်
ဧပြီ ၆၊ ၂၀၂၄။
ကချင်ပြည်နယ် တနိုင်းမြို့နယ်အနီးတွင် ယမန်နေ့ညပိုင်းကမြေငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု ဒေသခံများ ထံက သိရသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလ ၅ ရက်၊ မြန်မာစံတော်ချိန် ၁၉ နာရီ (ည ၇နာရီ)၊ ၁၅ မိနစ်၊ ၃၆ စက္ကန့်) တွင် မြစ်ကြီးနားမြေငလျင်စခန်းမှ အနောက်မြောက်ဘက် ၇၈ မိုင်ခန့်ကွာဝေးသည့် တနိုင်းမြို့ အရှေ့မြောက်ဘက် ၁၄ မိုင်ခန့်အကွာတွင် ငလျင်လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
မြောက်လတ္တီတွဒ် ၂၆ ဒဿမ ၅၂ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒဿမ ၈၆ ဒီဂရီ၊ အနက် ၃၈ ကီလိုမီတာကို ဗဟို ပြု၍ အင်အားရစ်ခ်ျတာစကေး ၅ ဒဿမ ၅ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်းတိုင်းထွာရရှိသည်ဟု မိုးလေဝသနှင့်ဇလဗေညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည်။
အဆိုပါငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့်အခြေအနေများကို သံလွင်ခက်က ဆက်လက်စုံစမ်းဆဲဖြစ်ပြီး နောက်ဆက်တွဲအခြေအနေများကို ဖော်ပြပေးသွားမည်ဖြစ်သည်။
ထိုင်ဝမ်ကျွန်းတွင်လည်း ဧပြီ ၃ ရက်နေ့က ၂၅ နှစ်အတွင်း ပြင်းအား ၇ ဒဿမ ၂ ရှိ အပြင်းထန်ဆုံးငလျင်လှုပ်ခတ်ခဲ့သည့်အတွက် အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ကာ ၈၀၀ ကျော်ဒဏ်ရာရရှိခဲ့ပြီး၊လူ ၅၀ နီးပါး ပျောက်ဆုံးနေသည်ဟုသိရသည်။
ထိုင်ဝမ်တွင် အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ် ၁ ရက်အကြာ ဧပြီ ၄ ရက်ကလည်း ဂျပန်နိုင်ငံတွင် ပြင်းအား ၆ မဂ္ဂနီကျူအဆင့်ရှိ ငလျင်တစ်ခုထပ်မံလှုပ်ခတ်ခဲ့သည်။
အဆိုပါငလျင်သည် ဂျပန်နိုင်ငံ၊ ဖူကူရှီမားမြို့အရှေ့မြောက်ပိုင်း ကမ်းရိုးတန်းအလွန်ကို ဗဟိုပြုလှုပ်ခတ်ခဲ့ပြီး ကြီးမားသည့်ထိခိုက်ပျက်စီးမှုမရှိခဲ့ဟု ဂျပန်သတင်းဌာနများက ဖော်ပြထားသည်။