ဓမ္မသစစ်ရှောင်များအား ကော်မတီဖွဲ့ကူညီမည်
******
သဇင်
ဧပြီ ၆၊ ၂၀၂၄။
မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ် ၊ ဓမ္မသကျေးရွာရှိ မီးဘေးသင့်ပြည်သူများနှင့် စစ်ဘေးရှောင်များအား စစ်ရှောင်ကူညီထောက်ပံ့ရေးကော်မတီဖွဲ့ကာ ကူညီသွားမည်ဟု စစ်ဘေးရှောင်အရေး ကူညီသူများထံကသိရ သည်။
စစ်ဒဏ်သင့်ပြည်သူများအားကူညီရန် ဓမ္မသကျေးရွာလူငယ်အဖွဲ့များနှင့် ဓမ္မသကျေးရွာကျောင်းထိုင်ဆရာတော် များပူးပေါင်းကာ မတ်လ ၂၉ ရက်တွင် ဓမ္မသကျေးရွာ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးကော်မတီကို ဖွဲ့စည်းခဲ့ သည်ဟု ဓမ္မသကျေးရွာ စစ်ဘေးရှောင်ကူညီထောက်ပံ့ရေးကော်မတီ အတွင်းရေးမှူး ကိုနွန်အောင်က သံလွင်ခက် ကို ပြောသည်။
၎င်းက “စစ်ဘေးရှောင်တွေက ပြန့်ကြဲနေတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကူညီပေးတဲ့အခါမှာ အဆင်မပြေတာ မျိုးတွေဖြစ်တယ်ပေါ့လေ။ အဲ့ဒါ ကျွန်တော်တို့ကော်မတီအဖွဲ့က မော်လမြိုင်အတွင်းမှာ စစ်ဘေးရှောင်စခန်း သေချာဖွင့်ပြီးတော့ ဓမ္မသကစစ်ဘေးရှောင်တွေလာလို့ရအောင် စီစဉ်ပေးပြီးတော့ စောင့်ရှောက်သွားမှာဖြစ် တယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၄ ရက်တွင် ဖြစ်ပွားခဲ့သည့်တိုက်ပွဲကြောင့် ဂျိုင်းမြစ်ဒေသအတွင်းရှိ ကော့ဘိန်း၊ ကော့ပေါက်၊ ဘုရားကြီး၊ ဓမ္မသ၊ သံကလောင်၊ တရနာနှင့် ကော့သပ် အပါအဝင် အနီးဝန်းကျင်ရှိကျေးရွာများက ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေကြရသည်။
ယင်းစစ်ဘေးရှောင်များသည် မော်လမြိုင်မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများအပါအဝင် ဘီလူးကျွန်း နှင့် ကရင် ပြည်နယ် ကော့ဘိန်း၊ ကမ်းနီ စသည့်ဒေသများတွင် စစ်ဘေးတိမ်းရှောင်နေကြသည်ဟု စစ်ဘေးရှောင်အရေး ကူညီသူများထံက သိရသည်။
လက်ရှိတွင် ဓမ္မသကျေးရွာအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုငြိမ်သက်နေသော်လည်း စစ်ရှောင်များ ကျေးရွာ အတွင်းပြန်မဝင်လာရန် တာဝန်ရှိသူများကသတိပေးထားသည်ဟု ဓမ္မသစစ်ဘေးရှောင် ၁ ဦးက ပြောသည်။
၎င်းက “အခုတော့ ရွာထဲဝင်ထွက်လို့မရသေးဘူး။ လက်နက်သံတွေကြားနေရပြီးတော့ ကျတဲ့နေရာကျတာမျိုး တွေလည်းရှိသေးတော့ ရွာသားတွေကိုပေးမဝင်ဖို့ သတိပေးထားတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၇ ရက် နေ့လယ်ပိုင်းတွင် ဓမ္မသကျေးရွာကို စစ်ကောင်စီရေတပ်အပြင် ကြည်းတပ်ကလည်း လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့်အတွက် ဓမ္မသကျေးရွာရှိ နေအိမ် ၃၀၀ ကျော် မီးလောင်ပြာကျခဲ့ပြီး ဒေသခံ များထိခိုက်သေဆုံးမှုလည်းရှိခဲ့သည်ဟု ဒေသခံများ၏ပြောပြချက်အရသိရသည်။
စစ်ကောင်စီကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ဓမ္မသရွာဒေသခံများနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေး ရှောင်များအား နိုင်ငံတကာအဖွဲ့စည်းများက အကူအညီများပေးရန်တိုက်တွန်းထားပြီး မွန်အဖွဲ့အစည်းများက လည်း လိုအပ်သည့်ကူညီထောက်ပံ့မှုများပေးနိုင်ရန် ပြင်ဆင်နေသည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ ပြောရေး ဆိုခွင့်ရှိသူ နိုင်မွန်စိုင်း က ပြောဆိုထားသည်။
ဓာတ်ပုံ – Aung Myo Thein
ပုံစာ – ဘီလူးကျွန်း၊ ဘုန်းကြီးကျောင်းတွင်စစ်ရှောင်နေကြသည့် ဓမ္မသကျေးရွာဒေသခံများ။