ကိုးဆယ်ရာခိုင်နှုန်းနီးပါး လောင်ကျွမ်းခဲ့ရသည့် ပဲနွယ်ကုန်းစျေး
****************
သံလွင်ခက်။
ဧပြီ ၃၊ ၂၀၂၄။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းစျေး မီးလောင်မှုဖြစ်ပွားခဲ့ရာ ဈေးဆိုင်ခန်းပေါင်း ၄၉၃ ရှိသည့်အနက် ၉၀ ရာခိုင်နှုန်းနီးပါးဖြစ်သည့် မီးလောင်ကျွမ်းခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
ပဲနွယ်ကုန်းမြို့ ရန်ကုန် – မန္တလေး လမ်းဟောင်းဘေး မြို့လည်ခေါင်ရှိ ဈေးသည် ယမန်နေ့ ညနေ ၆ နာရီအချိန်မှစ၍ ည ၁၀ နာရီဝန်းကျင်အထိ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
ဝါယာရှော့ဖြစ်ပွားရာမှ စတင်မီးလောင်ခဲ့ခြင်းဖြစ်သည်ဟု ကြားသိရကြောင်းဒေသခံတစ်ဦးက သံလွင်ခက်သတင်းဌာနကို ပြောသည်။
၄င်းက “စဖြစ်တာကတော့ စျေး မြောက်ဘက်ခြမ်းအပေါက် ဆိုင်တစ်ခုကနေပြီးတော့ ဝါယာရှော့ကနေ စဖြစ်တယ်လို့တော့ ပြောတယ်။
တစ်စျေးလုံးနီးပါးပဲ။ စျေးအတွင်းထဲကတော့ တော်တော်ကို ရစရာမရှိဘူး။ လေကလည်း အဲဒီညနေက တော်တော်တိုက်လိုက်တယ်။ မီးနတ်သားနဲ့ လေနတ်သား အချိန်ကိုက်ထားသလိုပဲ” ဟုဆိုသည်။
ဝါယာရှော့ဖြစ်ပွားရာမှ စတင်လောင်ကျွမ်းခဲ့သည်ဟု ဒေသခံများက ပြောဆိုကြသော်လည်း အမှန်တကယ် မီးလောင်ကျွမ်းမှု အကြောင်းအရင်းနှင့် ပတ်သက်၍ သံလွင်ခက်သတင်းဌာနမှ သီးခြားအတည်မပြုနိုင်သေးပေ။
မီးလောင်ကျွမ်းမှုကြောင့် စျေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၄၀၀ ကျော်အပြင် အနီးနားရှိ အုပ်ချုပ်ရေးမှူးရုံးအပါအဝင် နေအိမ် ၁၀ လုံးခန့် မီးလောင်ကျွမ်းခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ နံနက်ပိုင်းတွင် စစ်ကောင်စီ ပဲခူးတိုင်းတိုင်းဝန်ကြီးချုပ် ရောက်ရှိနေပြီး မီးဘေးသင့် ပြည်သူများနှင့် တွေ့ဆုံမှုများ လုပ်ဆောင်နေသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
၄င်းက “မနက်က စျေးထဲကို တိုင်းက ဝန်ကြီးချုပ် လာကြည့်တယ်။ လုံခြုံရေးတွေ အပြည့်ယူပြီးတော့။ ပြီးတော့ မြို့လယ်ခေါင်က ဘုန်းကြီးကျောင်းမှာ စျေးက သူတွေနဲ့ တွေ့ကြတယ်။ တွေ့နေတဲ့အချိန် လမ်းတွေကိုလည်း ပိတ်ထားတယ်။ လုံခြုံရေးတင်းကြပ်ထားတာပေါ့။ တချို့ဆို မောင်းထုတ်ခံရတာတွေရှိတယ်” ဟုဆိုသည်။
ပဲနွယ်ကုန်းစျေးသည် ကုန်စိမ်း၊ ကုန်ခြောက်၊ အသားငါးများ၊ လူသုံးကုန်ပစ္စည်းများအပြင် အဝတ်အထည်များ ရောင်းချနေသည့် တစ်ခုတည်းသော စျေးကြီးလည်းဖြစ်သည်။
စျေးမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့သည့်အတွက် ပဲနွယ်ကုန်းမြို့အထွက်ရှိ မြို့ရှောင်လမ်းတွင် ယာယီစျေး ဖွင့်လှစ်သွားရန်လည်းရှိသည်ဟု ဒေသခံများထံမှ သိရသည်။
ပုံစာ – မီးလောင်ကျွမ်းပြီးနောက် မြင်တွေ့ရသည့် ပဲနွယ်ကုန်းစျေး မြင်ကွင်း။
ဓာတ်ပုံ – သံလွင်ခက်။
PHOTO DOWNLOAD –